ဆီးရီးယား ပြည်တွင်းက အခြေအနေ

Syria ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရက ဆန္ဒပြမှုကို တားဆီးဖို့ လူငယ်တွေကို သိမ်းကြုံး ဖမ်းနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသည် ဟန်ဆောင်ပြီး ဆီးရီးယားကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်သွား ခဲ့တုန်း တနင်္ဂနွေနေ့က Homs မြို့မှာ ခဏ အဖမ်းခံ ခဲ့ရတဲ့ The Time သတင်းစာရဲ့ နိုင်ငံခြားရေးရာ သတင်း ထောက်ချုပ် Martin Flecher က သူမြင် ခဲ့ရတာတွေကို ပြန်ပြောပြခဲ့ ပါတယ်။

သူအဖမ်းခံရချိန်မှာ လူငယ်တွေ အများအပြား ဖမ်းထားတာ တွေ့ရသလို သူ့ကို ဖမ်းထားတဲ့ ၆ နာရီလောက် အချိန် အတွင်း လူငယ်တွေကို တသုတ်ပြီး တသုတ် ဖမ်းခေါ်လာတာလည်း တွေ့ရတယ်လို့ သူက ဘီဘီစီ Radio 4 နဲ့မေး မြန်းခန်းမှာ ပြောခဲ့ပါတယ်။

"အစိုးရဟာ လမ်းမှာတွေ့တဲ့ လူငယ်လူရွယ်တွေ အားလုံးကို ရှာဖွေပြီး သိမ်းကြုံးဖမ်းနေတယ် ဆိုတာ အထင်အရှား ပါဘဲ။ ရည်ရွယ်ချက်က ဆန္ဒပြတာမှာ ဝင်မပါနိုင်အောင် တားဆီးဖို့ ၊ လူတွေကြားမှာ အကြောက်တရား ပြန့်နှံ့စေဖို့ပါ" လို့ သူကပြောပါတယ်။

Homs မြို့က လမ်းတွေမှာ လူတွေ ကင်းမဲ့နေပြီး လမ်းဒေါင့်တိုင်းမှာ ရဲနဲ့ အစိုးရ မွေးထားတဲ့ လက်နက်ကိုင် လူရမ်းကားတွေ တွေ့ရ ကြောင်းနဲ့ အစိုးရ အဆောက်အအုံတွေကို သဲအိတ်တွေ နဲ့ ကတုတ် လုပ်ထားပြီး လက်နက်တွေ တပ်ဆင်ထားတာတွေ့ရတယ် လို့လည်း ဆိုပါတယ်။

မြို့စွန်ဆင်ခြေဖုံးကို အသွား လမ်းခွတွေမှာ တင့်ကား ၄ စီးစီ ချထားပြီး မြို့မြောက်ဘက်က မြို့ပြင် အထွက် လမ်းဘေးတလျှောက် တရာထက်မနည်းတဲ့ တင့်ကားတွေ ရပ်ထားတာ လည်းတွေ့ရတယ် ဒါဟာ တကယ်လို့ ဆူပူမှုတွေ ထပ်ဖြစ်လာရင် သုံးဖို့ ပြင်ထားတဲ့ ပုံပါလို့ ပြောပြခဲ့ပါတယ်။

ဒီဆန္ဒပြမှုတွေဟာ ဆီရီယားမှာ သမ္မတ အာဆတ် အုပ်ချုပ်မှုကို ၄၁ နှစ်အတွင်း ပထမဆုံး အကြိမ် အကြီးမားဆုံးစိန်ခေါ်မှုပါ။

ဒါပေမဲ့ အစိုးရ ဆန့်ကျင်သူတွေဟာ သိန်းချီရှိတာမဟုတ်ဘဲ သောင်းဂဏန်းလောက်ဘဲ ရှိတယ် နောက်ပြီး လစ်ဗျားက ကဒါဖီနဲ့ ယှဉ်ရင် သမ္မတအာဆတ်အပေါ် လူထု ထောက်ခံမှု အတော်လေးများများရှိနေတယ်၊ အစိုးရကလည်း တစည်းတလုံးထဲရှိနေပြီး စစ်တပ်က လဲ ပြိုကွဲမှု မရှိတာကြောင့် ရေတိုမှာ အောင်မြင်မဲ့ အလားအလာ မရှိနိုင် ဘူးလို့ Martin Flecher က ပြောပါတယ်။

ဆန္ဒပြသူတွေဘက်ကို ကြည့်ရင် တကွဲ တပြားဖြစ်နေတယ်၊ ဘယ်နေရာမှာ ဆုံရပ်ထား မယ်ဆိုတာမျိုး တိတိပပ မရှိသလို တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်မရှိကြတဲ့အတွက် သူတို့ လှုပ်ရှားမှု အရှိန် အဟုန်ဟာ တိုးမလာဘဲ တန့်နေတဲ့သဘောရှိတယ်လို့ သူကသုံးသပ် ပါတယ်။