ပြန်လွတ် သူတွေထဲ နိုင်ငံရေး အကျဉ်းသား သိပ်မပါ

မြန်မာ နိုင်ငံ သမ္မတသစ် ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် အရ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီး ကနေ အကျဉ်းသားတွေကို စတင် ပြန်လွှတ် ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မိသားစုတွေ ပြန်လွတ် လာမှာကို ကလေးငယ် တွေလည်း ထောင်ရှေ့ကနေ စောင့်နေ

လွှတ်ပေးတဲ့ အကျဉ်းသား တစ်သောင်းခွဲ လောက်မှာ နိုင်ငံရေး အကျဉ်းသား သုံးဆယ် ကျော် လောက် သာ ပါဝင်ပါတယ်။

ပြန်လွတ် လာကြသူတွေ ကတော့ ကိုဇေယျာသော်၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စာရွက်ဖြန့်ဝေလို့ အဖမ်းခံခဲ့ရသူ ကိုညီညီအောင်၊ ကိုထွေးသိန်း၊ ဦးမြင့်ထွန်း၊ ဦးဆန္ဒာဓိက ၊ ဗဟန်းမြိုနယ်က အောင်ကြီးခေါ် အောင်အောင်ဦး နဲ့ ဗိုလ်ထွန်း ခေါ်ကျော်၀င်းထွန်း၊ တွံတေး မြို့က ကိုရဲထွဋ်ခေါင် နဲ့ ကိုမြင့်စိုး၊ စစ်ကိုင်းတိုင်းက ဦးကျော်ဆန်း၊ ၊ လှိုင်သာယာ ရန်နိုင်ဦး ခေါ်အက်စစ် သောင်းထိုက်ဦးနဲ့ မမိမိလေးတို့ ဖြစ်ပါတယ်။ ပြီးတဲ့အပတ်က အင်းစိန် ထောင်တွင်းမှာ အူကျရောဂါ အပြင်းထန်ခံစာရပြီး ဆေးကုသခွင့် မရလို့ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ ခရမ်းမြို့က အရှင်ဆန္ဒာဓိက လည်း ပြန်လွတ် လာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကို ဦးဆောင် ထူထောင်ခဲ့သူ ဟစ်ပ်ဟော့ အဆိုတော် ဇေယျာသော်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးတဲ့ အတွက် ဒီလူတွေ လွတ်လာတဲ့ အထိ ဆက် တောင်းဆို လှုပ်ရှား သွားဦးမယ်လို့ ပြောလိုက်ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိနေတဲ့ အထဲမှာ ပြန်လွတ် လာတဲ့ အရေ အတွက် နည်းပါး နေတာကို လူ့ အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့ အစည်း တွေက ထောက်ပြပြီး ဒါဟာ နိုင်ငံတကာမှာ အမြင် ကောင်းအောင် ရည်ရွယ် လုပ်ဆောင်တာ သာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုကြ ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကတော့ နိုင်ငံရေး အကျဉ်းသား တွေ အခုလောက်ပဲ ပြန်လွတ် လာတာဟာ မလုံလောက်ဘူး၊ မြန်မာ အစိုးရ အနေနဲ့ နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုတယ်လို့ ပြော ပါတယ်။

အကျဉ်းသားတွေ အားလုံးကို ထောင်ဒဏ် တစ်နှစ် လျှော့ပေါ့ ပေးပြီး၊ သေဒဏ် ကျခံ နေရသူ တွေကို ထောင်ဒဏ် တစ်သက် အဖြစ် ပြောင်းလဲ ပြစ်ဒဏ် ချမှတ်လိုက် တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မေလ ၁၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ ပြီးတဲ နောက် အခုလို စတင် လွှတ်ပေးလိုက် တာပါ။

ဒီအမိန့်ဟာ နှစ်ရှည် လများ ထောင်ဒဏ် ကျခံနေကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးလိုတဲ့ ဆန္ဒ မရှိတာ ပြသနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်းစိန် ထောင်ကနေ ပြန်လွတ် လာကြသူများ

နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် ပေးဖို့ တောင်းဆိုနေတဲ့ ဒီမိုကရေစီ မဟာမိတ်ပါတီများ အဖွဲ့ဝင် တစ်ပါတီ ဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာ ရဲ့ ဥက္ကဌ ဦးသုဝေက တော့ သူတို့ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုပြီး အကျဉ်းသား တွေ အားလုံး လွတ်မြောက်ရေးကို တောင်းဆိုတာ ဖြစ်ပေမဲ့ တိုက်ပွဲ ဆန်ဆန် ဆန့်ကျင် လှုပ်ရှားမှုတွေ ကလည်း ရှိနေတာကြောင့် အခုလို ရလဒ် ဖြစ်ပေါ်လာတာလို့ ဘီဘီစီကို ပြောပါတယ်။

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း ( မြန်မာ နိုင်ငံ) က အတွင်းရေးမှူး ဦးတိတ်နိုင်က အခု လွတ်ငြိမ်း ချမ်းသာခွင့်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ပါး သွားအောင် လုပ်ဆောင်တာသာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အများစုကို ဆက်လက် ဖမ်းဆီးထားတဲ့ အပေါ် ရှုတ်ချ လိုက်ပါတယ်။