နှစ်ရှည်ထိန်းသိမ်းခံ မြန်မာတွေ လွတ်မယ်

အိန္ဒိယနိုင်ငံ၊ အက်ဒမန် ကျွန်းအနီး လန်းဖောကျွန်းမှာ အဖမ်းခံရပြီး ကလကတ္တား အကျဉ်းထောင်မှာ ကာလရှည်ကြာ ချုပ်နှောင် ခံထားရတဲ့ ရခိုင်နဲ့ ကရင် မြန်မာ ပြည်သား ၃၄ ဦးဟာ မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ပြန်လည် လွတ်မြောက် တော့မယ်လို့ သတင်းရပါတယ်။

Image caption နိုင်ငံရေးလှုပ်ရှားသူ မြန်မာတွေ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယနဲ့မြန်မာကြား ပင်လယ်ထဲက အက်ဒမန်

မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေ နဲ့ ဆက်နွယ်နေတဲ့ အခုမြန်မာ ၃၄ ဦး လွတ်မြောက် မယ့် ကိစ္စကို အိန္ဒိယ အစိုးရက ယုံကြည် စိတ်ချစွာနဲ့ လွှတ်ပေးအောင် ဘားမား စင်တာ ဒေလီက တာဝန်ယူ ပေးခဲ့ရတယ်လို့ ဒေလီ အခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရ ဝန်ကြီး တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

သူတို့ကို အိန္ဒိယက အကျဉ်းထောင်တွေမှာ ၁၂ နှစ်ကျော် ဖမ်းဆီး ထားတာ ဖြစ်ပြီး၊ လွှတ်ပေး သင့်တာ ကြာပြီ ဖြစ်ပေမယ့် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး ရုံးက ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လက်မှတ် မရသေးတဲ့ အတွက် ထောင်ထဲမှာပဲ ဆက်နေ ခဲ့ရပြီး အခုတော့ လက်မှတ် ရပြီဖြစ်လို့ လွတ်မြောက် တော့မှာ ဖြစ်ပါတယ်။

ဒီ ၃၄ ဦးဟာ ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ ရခိုင် အမျိုးသား ညီညွတ်ရေး တပ်မတော် က ဖြစ်ပြီး၊ အိန္ဒိယ ထောက်လှမ်း ရေးနဲ့ ပတ်သက် လှုပ်ရှားမှု တချို့ ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ပြီး နောက်ပိုင်း မှာမှ အဖမ်းခံ ခဲ့ရတာလည်း ဖြစ်ပါတယ်။

၃၄ ယောက်ထဲက ၃၁ ယောက်က ဒေလီမြို့ကို မနက်ဖြန်မှာ လာရောက်မယ်လို့ သိရပြီး၊ ကျန်တဲ့ သုံးဦးကတော့ လက်ကျန် အမှုတွေ ရှိနေ သေးလို့ ပို့ဘလဲယား အက်ဒမန် ကျွန်းကို ပြန်ပို့ ဦးမယ်လို့ သိရပါတယ်။