နာဂစ် ဒေသခံတွေကို တခြားနေရာ ရွှေ့ခိုင်းနေ

nargis
Image caption နာဂစ် ဒုက္ခသည်တွေ အိမ်ယာ အခြေတကျ စဖြစ် လာနေချိန်မှာ ဒုက္ခထပ်တွေ့

နာဂစ် မုန်တိုင်းဒဏ် အလူးအလဲ ခံခဲ့ရတဲ့ လပွတ္တာမြို့နယ်က ဒေသခံတွေကို နောက်ထပ် နေရာ တခုမှာ ရွှေ့ ပြောင်းနေဖို့ အာဏာပိုင်တွေက အမိန့်ပေးနေတဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

နာဂစ် မုန်တိုင်း တိုက်အပြီး ၃နှစ်အကြာ အခုအခါ ပြန် အခြေတကျ ဖြစ်ခါနီးအချိန်ကျမှ လပွတ္တာ မြို့နယ် ရွေးရွာက ဒေသခံတွေကို နောက်ထပ် အသစ် နေရာချထားတဲ့ ဂွေးချောင်းရွာက စုရပ် ဆိုတဲ့ နေရာကို အာဏာပိုင်တွေက အတင်း အဓမ္မ ရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ NGO အဖွဲ့အစည်းတွေရဲ့ ကူညီ ဆောင်ရွက်ပေးမှုတွေ ကြောင့် အိမ် အတည်တကျ ရပြီး အခြေတကျ ဖြစ်တော့မဲ့ ဆဲဆဲမှာ ရွာခံ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ပြောင်းခိုင်းနေတယ်လို့ ရွေးရွာက အမျိုးသမီး တဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၁၁ ဧပြီလ ၃၀ရက် နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြဖို့ နဲ့ ပျက်ကွက်ရင် မိမိ တာဝန်သာ ဆိုပြီး ရွေးကျေးရွာ အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာရောက်လာတယ်လို့ ဆိုပါတယ်။

တခါ ရွာခံ ဘုန်းကြီးကျောင်း ရွှေ့သွားရင် ရွာသားတွေ အားလုံး လိုက်လာမှာပဲ ဆိုပြီး ကျောင်းထိုင် ဆရာတော်ရဲ့ ဆန္ဒ မပါပဲ ဘုန်းကြီးကျောင်းကိုလည်း အတင်း ရွှေ့သွားတယ် လို့ အဲဒီ အမျိုးသမီးက ပြောပြပါတယ်။

အခု ရွှေ့ခိုင်းတဲ့ နေရာဟာ လက်ရှိနေရာကနေ စက်လှေနဲ့ နာရီဝက်ကျော် သွားမှ ရပြီး ရွေးရွာကနေ လပွတ္တာကို စျေးဝယ်သွားတဲ့ ခရီးသည်တင် လှေတွေကိုလည်း ရွာအုပ်ချုပ် ရေးမှူးက လက်ရှိ နေရာမှာ မရပ်ခိုင်းပဲ စုရပ်ရွာမှာပဲ ရပ်ခိုင်းနေတဲ့အတွက် မြို့ကို သွားဖို့တောင် အတော် ခက်ခဲနေတယ်လို့ သိရပါတယ်။