အမေရိကန် မြန်မာဆက်ဆံရေးမှာ မြန်မာ့သဘောထား

Joseph Yun ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်က ဂျိုးဇက် ယွန်း

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြင့်ဖို့ လုပ်ဆောင်ရာမှာ ကြိုတင်သတ်မှတ်ချက်တွေ ရှိမထားသင့် ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်က ဖော်ပြပါတယ်။

အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဲဒီလို ပြောတယ်လို့ တနင်္လာနေ့ထုတ် စာစောင်မှာ ဖော်ပြပါတယ်။

မစ္စတာ ယွန်းဟာ သောကြာနေ့ကပဲ သုံးရက်တာ မြန်မာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ အမေရိကန် အစိုးရက ဆန္ဒ ရှိတာကို ဂျိုးဇက်ယွန်းက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပြီး မြောက် ကိုရီးယားနဲ့ မြန်မာ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်မကင်း ဖြစ်မှုကိုလည်း အသိပေးခဲ့ပါတယ်။

ဦးဝဏ္ဏမောင်လွင်ကတော့ အမေရိကန်အနေနဲ့ မြန်မာနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့အရေးမှာ ပိတ်ဆို့မှုတွေက အတားအဆီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး နှစ်ဘက် ပွင့်ပွင့် လင်းလင်းဆွေးနွေး နိုင်ဖို့ဆိုရင် ယုံကြည်မှု အရင်တည်ဆောက်ဖို့ လိုတယ်လို့ ပြောပါတယ်။

အမေရိကန်ဘက်ကတော့ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှု၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှု နဲ့ ဒီမိုကရေစီနဲ့ အညီ အုပ်ချုပ်မှုဆီ သွားနေတာကို လက်ဆုပ် လက်ကိုင် ပြနိုင်မှုတွေပေါ် မူတည်တယ်လို့ ဂျိုးဇက်ယွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ မခေါ်ပဲ Myanmar လို့ခေါ်ဖို့ ဦးဝဏ္ဏမောင်လွင်က တိုက်တွန်းတယ်လို့လည်း သိရပါတယ်။