ရှမ်းလယ်သမားတွေ က ကုမ္ပဏီ သိမ်းထားတဲ့ မြေ ပြန်တောင်း

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ ကျောက်မီးသွေးတူးဖော်ဖို့ဆိုပြီး ကုမ္ပဏီတခုက သိမ်းဆည်းထားတဲ့ ဒေသခံလယ်မြေတွေကို ပြန်တောင်းပေးဖို့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ဒေသခံပြည်သူတွေကိုယ်စား ပြည်သူ့လွတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဆီကို တိုင်ကြား တင်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကုမ္ပဏီတွေက လယ်သိမ်းမှုတွေ နေရာ တော်တော် များများမှာ ရှိနေ

ကျေးသီးမြို့ အရှေ့တောင်ဘက် မိန်းကောင် ကျေးရွာအုပ်စု ၀မ်ဟုတ်ရွာမှာ ကျောက်မီးသွေးကြော တွေ့တယ်ဆိုပြီး အနားက ဒေသခံလယ်သမား ၈၀ ကျော်ပိုင်တဲ့ လယ်ဧက ၂၀၀ ကျော်ကို အတင်းအဓမ္မ သိမ်းဆည်းခဲ့တဲ့ ကိစ္စကို ဖြေရှင်းပေးဖို့အပြင် အဲဒီ ကျောက်မီးသွေး တူးဖော်ရေး အစီအစဉ်ကိုပါ ချက်ချင်း ရပ်ဆိုင်းပေးဖို့ ဒေသခံ ပြည်သူတွေက ကျားဖြူပါတီကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ့မှာ ဒေသခံ ကျားဖြူပါတီ ကိုယ်စားလှယ်တွေက ပြည်သူ့လွတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအပါအ၀င် တခြားသက်ဆိုင်ရာ အစိုးရ ဌာနတွေကို ဒီမြေသိမ်းမှုကိစ္စရပ်နဲ့ ပက်သက်ပြီး ချက်ချင်း ကူညီဖြေရှင်းပေးဖို့ စာတင်ခဲ့တယ်လို့ ကျားဖြူပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။.

"ပြည်သူတွေက ဒီကျောက်မီးသွေး လုံး၀ကို ရပ်ဆိုင်းတဲ့အထိ ဖြေရှင်း ပေးစေချင်တယ်။ နို့မဟုတ်ရင် လယ်တွေပျက်စီးပြီးကောသွားမယ်။ အခုလဲ လုပ်ငန်းကစနေပြီ စခဲ့တာကြာပြီ။ ဒါပေမဲ့ ဒေသခံပြည်သူတွေက ဘယ်ကိုတင်ရမှန်း မသိခဲ့လို့ အခုမှ ကျနော်တို့ကို လာပြီး တိုင်ပင်ကြတာပါ။ သူတို့ရဲ့ လက်ဗွေနှိပ်ထားတဲ့ စာချုပ်စာတမ်းနဲ့ လျော်ကြေးငွေ ယူထားတဲ့စာပါ ပူးတွဲ တင်ထားပါတယ်"

ကုမ္ပဏီက ကျောက်မီးသွေး တူးကွက် အနေနဲ့ သတ်မှတ်ထားတဲ့ နေရာဟာ ဒေသခံ ရွာသားအားလုံး အဓိက မှီခိုအားထား နေတဲ့ နမ့်ဟင်ချောင်း နားမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းကြီး ရပ်ဆိုင်းမှုမရှိရင် အဲဒီနမ့်ဟင်ချောင်းလဲ ကျောက်မီးသွေးတူးတွင်းက ထွက်ရှိလာမဲ့ အဆိပ်သင့်နိုင်တဲ့ ဘေးထွက် အညစ်အကြေး တွေကြောင့် ပျက်စီးမှာ ဖြစ်သလို ကျန်တဲ့ ချောင်းအောက်ပိုင်းက လယ်ယာဧက ၁ ထောင်ကျော်လဲ အားလုံး ပျက်စီး သွားနိုင်မဲ့ အခြေအနေမှာဖြစ်ပါတယ်။

အခုချိန်မှာ ကျောက်မီးသွေး တူးဖော်တာ မရှိသေးပေမဲ့ လမ်းတွေဖောက် မြေနေရာတွေကိုတော့ စတင် ရှင်းလင်းနေပြီလို့ သိရပါတယ်။ ဒီလယ်မြေတွေကို ပြီးခဲ့တဲ့နှစ် ၂၀၁၀ ဇူလိုင်လမှာ ကုမ္ပဏီက ဒေသခံ အာဏာပိုင်အကူအညီနဲ့ လယ်သမားတွေကို လယ် ၁ ဧက ကျပ်၂ သောင်း ၄ ထောင်ကျော်နဲ့ လျော်ကြေးငွေ အဖြစ် အတင်းအဓမ္မ ပေး လက်ဗွေနှိပ်ခိုင်းပြီး ၀ယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။