ပညာရေးပုဂ္ဂလိကလုပ်ပိုင်ခွင့်

မြန်မာပညာရေး အဆင့်မြင့်ဖို့ ပုဂ္ဂလိက ကျောင်းတွေလို
Image caption မြန်မာပညာရေး အဆင့်မြင့်ဖို့ ပုဂ္ဂလိက ကျောင်းတွေလို

ပုဂ္ဂလိက စာသင်ကျောင်းတွေ၊ ကျူရှင် ကျောင်းတွေဖွင့်ခွင့် ရရေးအတွက် ဥပဒေပြဌာန်းပြီး တရားဝင် ဖွင့်နိုင်ရေး၊ အစိုးရကျောင်း တွေလည်း ပညာရေး မြင့်မား လာရေးအတွက် လုပ်ဆောင်ဖို့ လိုတယ်လို့ နေပြည်တော်မှာ ၄ ရက်တာ ပညာရေး ဆွေးနွေးဖလှယ်ပွဲ ပြုစဉ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က အမှာစကား ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စည်းကမ်းတွေ အကန့် အသတ်တွေ အတင်းအကြပ် လုပ်တာမျိုး မဟုတ်ရင်တော့ ကောင်းမယ်လို့ ဘော်ဒါ ဆောင်ဖွင့်ပြီး ပညာသင် သူတွေက ပြောပါတယ်။

လက်ရှိ အခြေအနေအရ ဘော်ဒါဆောင်တွေမှာ အစအဆုံး စာသင်ပေးနေပေမယ့် အစိုးရကျောင်းတခုမှာ နာမည်သွင်းထားရတယ်။ ဘော်ဒါကျောင်းတွေရဲ့ အောင်ချက် ကောင်းတာကို အစိုးရကျောင်းတွေက မှီနေရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးပြီး၊ ကိုယ့်ကျောင်းမှာ ကိုယ်စာစစ်ခွင့် ပေးမယ်ဆိုရင် အပြိုင်အဆိုင်များပြီး ကျောင်းပညာရေးတိုးတက်လာမယ် လို့ ဘော်ဒါဆောင် အုပ်ချုပ် ရေးမှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် ကျောင်းသားဦးရေ ကန့်သတ်ချက်၊ ဆရာပညာ အရည်အချင်း ကန့်သတ်ချက်တွေက ပြဿနာ သိပ်မရှိနိုင်ပေမဲ့ နေရာအ ကျယ်အဝန်းကတော့ အခက်အခဲ ရှိနိုင်တယ်လို့ သူက ပြောပြပါတယ်။

ပုဂ္ဂလိက ကျောင်းတွေ ကျူရှင်တွေ တရားဝင်ဖွင့်ခွင့်ပေးတဲ့အတွက် နိုင်ငံတကာ အဆင့်မီ ပညာရေးအထိ တိုးတက်လာနိုင်ပေမယ့် ငွေကုန်ကြေးကျများလာမှာကိုလည်း ကလေးမိဘ တချို့ကစိုးရိမ်နေကြပါတယ်။ ဒါကြောင့် အစိုးရကျောင်းတွေကို အခုထက် ပညာသင်ကြားမှု ကောင်းအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောနေကြပါတယ်။