ကချင်ပြည်နယ် မှာ နောက်ထပ် ပစ်ခတ်မှု တွေဖြစ်

kachin rebel
Image caption ကေအိုင်အေ နဲ့ အစိုးရ ကြား ပစ်ခတ်မှု တွေ ပြန်ရှိလာ

ကချင်ပြည်နယ် မန်စီ မြို့နယ် အတွင်းရှိ ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ၊ တပ်ရင်း (၂၇) ရဲ့ ရှေ့တန်းစခန်းတခု အနီးမှာ အစိုးရ စစ်တပ် ခလရ (၁ဝ၅) မှ တပ်ဖွဲ့ဝင် အင်အား(၃ဝ)ခန့် ရောက်ရှိ လာမှုကြောင့်၊ ကေအိုင်အေ တပ်ဖွဲ့ဝင်များ နဲ့ ရင်ဆိုင် ထိပ်တိုက်တိုး ရမှု ဖြစ်ပွား ခဲ့ရကာ သောကြာ နေ့ မနက် (၉)နာရီ ခွဲခန့် က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပါတယ်။

ကေအိုင်အေ ဖက်က ရှေ့တိုးမလာဖို့ သေနတ် ပစ်ဖေါက် သတိပေးနေတဲ့ကြားထဲက အစိုးရ တပ်ဖက်မှ ပြန်လည် ပစ်ခတ် တိုးဝင်လာတဲ့အတွက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရတာ လို့ ကေအိုင်အေ ဖက် က ဆိုပါတယ်။

ပစ်ခတ်မှု က မိနစ် အတော်ကြာ ကြောင်းလည်း သိရ ပါတယ်။

၂ ဖက် စလုံး အထိအခိုက် တော့ မရှိ ခဲ့ ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) ဖြစ်တဲ့ ဦးလာ့နန် ကို ဘီဘီစီ ကနေ ဆက်သွယ် မေးမြန်းတော့ ထိတွေ့မှု ဖြစ်ရာ နေရာမှာ ကချင် တပ်ဖွဲ့ ဖက် ကလည်း အင်အားထပ်တိုး ထား သလို မြန်မာ အစိုးရ တပ်ဖက် က လည်း အင်အား ထပ်တိုး လာတယ် လို့ သူ က ပြောပါတယ်။

နှစ်ပေါင်းများစွာ တဖက်နဲ့ တဖက် အပစ်အခတ် ရပ် ထားကြပြီးတဲ့နောက် ကချင် လက်နက်ကိုင် တပ် တည်ရှိရေး နဲ့ ပတ်သက်ပြီး သဘောထား တွေ ကွဲခဲ့ကြကာ ၂ ဖက် ကြား ပစ်ခတ် တိုက်ခိုက် မှု တွေ အခု လပိုင်း အတွင်း ပြန် ပေါ်ထွက် လာတာပါ။

အခု ကချင်ပြည်နယ် အတွင်း ၂ဘက် ပစ်ခတ် တိုက်ခိုက် မှုဟာ ၁၀ ရက် လောက် ကာလ အတွင်း ဒုတိယ အကြိမ် ဖြစ်လာတဲ့ ပစ်ခတ်မှု လည်း ဖြစ်ပါတယ်။