ကလေးထောင်မှာ အစာငတ်ခံ ဆန္ဒပြ

Image caption ဆရာတော်ဦးဂမ္ဘီရဟာ၂၀၀၇ သံဃာ့လှုပ်ရှားမှု ရဲ့ ဦးဆောင် ဆရာတော်တပါးဖြစ်ပါတယ်

အင်းစိန်ထောင်က အကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးတဲ့နောက် ကလေးမြို့ အကျဉ်းထောင်မှာ ဆရာတော် ဦးဂမ္ဘီရ ဦးဆောင်ပြီးတော့ အစာငတ်ခံဆန္ဒပြနေကြ တာကြောင့် ဆရာတော်ဟာ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် မပေးဘူးလို့ သိရ ပါတယ်။

၂၀၀၇ သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဆရာတော်ဦးဂမ္ဘီရဟာ မေလ ၂၇ ရက် သောကြာနေ့က စပြီး အစာငတ်ခံဆန္ဒပြ နေတာ ဖြစ်ကြောင်း ထောင်ဝင်စာ သွားတွေ့ တဲ့ မိသားစုတွေက ပြောပါတယ်။

ဆရာတော်နဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တောင်းဆိုထားတဲ့ အကျဉ်းသားအခွင့်အရေး တွေ ဘာတခုမှ မရသေးလို့ဆိုပြီး မူလ ဆုံးဖြတ်ထားတဲ့ အတိုင်း သောကြာနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေတာပါ။

သောကြာနေ့က ထောင်၀င်စာတွေ့ဖို့သွားခဲ့တဲ့ ဆရာတော်ရဲ့ အမတော် မခင်သူဌေးကို ထောင်အာဏာပိုင်တွေက ပစ္စည်းပို့ခွင့်ပဲပေးပြီး လူချင်းတွေ့ခွင့် မပေးတဲ့ အကြောင်းနဲ့၊ ဆရာတော် အစာငတ်ခံ ဆန္ဒပြနေတဲ့အကြောင်း မခင်သူဌေးက အခုလိုပြောပြပါတယ်။

'' သွားတော့ကြတော့ မရဘူးတဲ့ နောက်လ ၁၅ ရက် ၁ လပြည့်တဲ့နေ့မှရမယ်တဲ့။ အဲ့ဒီအချိန် မှာ နယ်မြေခံရဲကလည်းပြောတယ်။ နယ်မြေခံရဲနဲ့ အက်စ်ဘီ တယောက်နဲ့ပေါ့။ ဦးဇင်းတို့ အစာငတ်ခံဆန္ဒပြလို့ဆိုလို့ လာတာတဲ့ သတင်းလာယူ တာပေါ့နော်။ ပြီးရင် အက်စ်ဘီတွေ လည်း ထပ်ရောက်လာဦးမှာတဲ့ အဲ့လိုပြော တယ်။ ဦးဇင်းတို့ အဲ့လို အစာငတ်ခံ ဆန္ဒပြနေတာကို အပြင် သတင်းထွက်မှာစိုးလို့ ထင်တယ်ဗျ ''

ထောင်၀င်စာသွားတွေ့တုန်းက လူချင်းမတွေ့ရပေမယ့် ပို့လိုက်တဲ့ ပစ္စည်းတွေထဲက စာအုပ်ပဲ လက်ခံပြီး စားစရာကို လက်မခံလိုက်ဘူးလို့ မခင်သူဌေးကပြောပါတယ်။

သောကြာနေ့ ထောင်ဝင်စာလာတွေ့ချိန်မှာ နိုင်ငံရေး အကျဉ်သားအားလုံးအတွက် ကြေငြာ ချက် ထုတ်ဖို့ရှိတယ်လို့ ဆရာတော်က မှာလိုက်ပေမယ့် လူချင်းမတွေ့ရလို့ ဒီအခြေအနေကို မသိခဲ့ရဘူးလို့ပြောပါတယ်။

ဆရာတော်နဲ့ နိုင်ငံရေးအကျဉ်းသားတွေက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အစားအသောက် အသုံးအဆောင်များ အပြည့်အဝ ခံစားရရှိရေး၊ မိသားစုနှင့် လွတ်လပ်စွာ စကားပြောခွင့် တယ်လီဖုန်းဆက်သွယ်ခွင့်ပြုရေး၊ တရား၀င်ထုတ်ထားတဲ့ စာအုပ်စာတမ်းတွေ လွတ် လွတ် လပ်လပ် ဖတ်ခွင့်ရရေး၊ နိုင်ငံတကာက ထုတ်လွှင့်တဲ့ ဂြိုလ်တုစလောင်း ရုပ်သံလိုင်း တွေကို လွတ်လပ်စွာ ကြည့်ရှုနားထောင်ခွင့်ရရှိရေးနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေပါ အခွင့် အရေးတွေကို တောင်းဆိုတဲ့စာကို မေလ ၁၁ ရက်နေ့က သမ္မတသစ်ဆီကို တောင်းဆိုခဲ့ ပါတယ်။

ကလေးမြို့အကျဉ်းထောင်မှာ ဆရာတော်ဦးဂမ္ဘီရအပါအဝင် ဂွမြို့ အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီပု၊ ၈၈ ကျောင်းသားများအဖွဲ့က ကိုအောင်နိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

တခြားနိုင်ငံရေးအကျဉ်းသားတွေကလည်း တောင်းဆိုချက်တွေ မရဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ပြောခဲ့ပေမယ့် အခု သူတို့ပါမပါတော့ မသိရသေးဘူးလို့ မခင်သူဌေးက ဘီဘီစီကို ပြောပါတယ်။