ဒီကေဘီကေ-ကေအန်ယူ တပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

Image caption ဒီကေဘီကေနဲ့ ကေအင်ယူပေါင်းပြီး ကင်းလှည့် ရင်း ထီးစလယ်မှာ ထိပ်တိုက်တွေ့ခဲ့ကြ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာ ဒီကေဘီအေ-ကေအင်ယူ ပူးပေါင်း တပ်တွေ နဲ့ အစိုးရတပ်တွ အကြား စနေနေ့ ညက အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားရာ လူအသေ အပျောက် ရှိခဲ့ပါတယ်။

မြဝတီမြို့တောင်ဖက်မိုင် ၈၀ လောက်အကွာ ကထီးစလယ်ရွာအနားမှာ တိုက်ပွဲစဖြစ်တာပြီး၊ စနေနေ့တညလုံး မော်တာတွေ၊ မောင်းပြန် သေနတ်တွေနဲ့ ပစ်ခတ်သံတွေကို ကြားနေရ တယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိ သူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပုံကို ကေအင်ယူတပ်ရင်း ၂၀၁ က ရှေ့တန်း အရာရှိတယောက်က အခုလို ရှင်းပြပါတယ်။

'' နအဖတပ် ခလရ ၃၂၁ ပြီးတော့၊ ဒီကေဘီကေ အနေနဲ့က ကေအင်ယူနဲ့ ပေါင်းပြီး တော့၊ ကင်းလှည့်ရင်းနဲ့ ထီးစလယ်မှာ ထိပ်တိုက်တွေ့တယ်။ ပြီးတော့၊ တဘက်နဲ့ တဘက် နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်။ နအဖတပ်ဘက်က အရာခံဗိုလ် တယောက်ကျတယ်။ ပြီးတော့ ၄ ယောက်က ဒါဏ်ရာရတယ် ''

မြန်မာအစိုးရဟာ မြဝတီမြို့ကို အထူးစီးပွားရေးဇုံ လုပ်ဖို့အတွက်၊ ဒီကေဘီကေတွေကို မြဝတီမြို့ကနေ တောင်ဘက်ကို ဝေးသထက်ဝေးအောင် ရည်ရွယ်ပြီး စစ်ဆင် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

ဒီကေဘီကေဘက်ကလည်း အစိုးရအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ဒီကေဘီကေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ အဖွဲ့က အခုရက်ပိုင်းမှာ ကော့ကရိတ်မြို့ အနားပတ်ဝန်းကို နေ့တိုင်းလိုလို သွားပြီး ပစ်ခတ်နေပါတယ်။

ဒါ့အပြင် မြဝတီ ကော့ကရိတ် အဝေးပြေးလမ်းကိုလည်း မကြာခဏ သွားပြီး ထိန်းချုပ် တာတွေလည်း ရှိသလို၊ နယ်စပ်က မဝြတီမြို့ကိုလည်း အခုရက်ပိုင်း ထဲမှာ ဒီကေဘီကေက သွားတိုက်ဦးမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် မြို့ခံတွေ စိုးရိမ်မကင်း ဖြစ်နေကြ ပါတယ်။

အဲဒီလိုသတင်းတွေ ထွက်နေတဲ့အတွက် အစိုးရဖက်ကလည်း စစ်တပ်၊ ရဲ၊ နယ်ခြားစောင့် တပ်တွေနဲ့ မြဝတီမြို့ရဲ့ လုံခြုံရေးကို ဆောင်ရွက်ထားတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ မြဝတီ ကုန်သည်ကြီးတွေက ပြောပါတယ်။

ဘီဘီစီသတင်းထောက် ကိုအောင်ကျော်ဦး သတင်းပေးပို့သည်။