အစာငတ်ခံနေသူတွေ အဆောင်ရွှေ့ခံရ

Insein Prison
Image caption နိုင်ငံရေး အကျဉ်းသားတွေရှိနေတဲ့ အင်းစိန်ထောင်

အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁၇ယောက်ဟာ ထောင်အာဏာပိုင်တွေနဲ့ ညှိနိုင်းမှု တချို့ရပြီး အစာငတ်ခံ ဆန္ဒပြတာ ပြီးဆုံးပြီလို့ ပြည်တွင်းထုတ် ဂျာနယ်တချို့ မှာ ရေးထားပါတယ်။

ဒါပေမယ့် အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ မိသားစု၀င်တွေကို ထောင်၀င်စာ တွေ့ခွင့် ပိတ်ထားတဲ့အပြင် တခြားထောင်၀င်စာ လာတွေ့တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု၀င် တွေကိုလည်း ထောင်တွင်း သတင်းတွေအပြင်ကို မထွက်အောင် တင်းတင်းကြပ်ကြပ် တားမြစ်နေတယ်လို့ ထောင်၀င်စာ တွေ့ခဲ့တဲ့ မိသားစု၀င်တွေက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြလို့ စစ်ခွေးတိုက် ပို့ခံရတဲ့သူတွေကို အခု သီးသန့် အဆောင်ဖြစ်တဲ့ အဆောင်၅ က တိုက်တစ်နဲ့ တိုက်နှစ်မှာ ထပ်ပြောင်းထားပြီး မိသားစုနဲ့ ထောင်၀င်စာ တွေ့ခွင့်ပါ ပိတ်ထားလို့ သူတို့ ဆန္ဒပြတဲ့ အခြေအနေ မပြီးသေးတဲ့ အကြောင်း နိင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင် ကွန်ယက်အဖွဲ့၀င် တယောက်က ဘီဘီစီကို ပြောပြပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတွေ အရေအတွက်ဟာ ထောင်အာဏာပိုင်တွေ ထုတ်ပြန်ချက် အရ ၁၇ ယောက်လို့ သိရပေမယ့် တကယ်တမ်းမှာ ၂၂ ယောက် ရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မကြာခင်က ပြန်လွတ်လာသူတွေထဲမှာလဲ နိုင်ငံရေး အကျဉ်းသား နည်းနည်းပဲပါ

ဒီအစာငတ်ခံ ဆန္ဒပြတဲ့ အထဲမှာပါတဲ့ ဆရာတော် ဦးရေ၀တကိုလည်း တခြား ရာဇ၀တ် အကျဉ်းသား တယောက်က ရိုက်နှက်ခဲ့တာကို ထောင်အာဏာပိုင်တွေက အရေးယူမပေးဘဲ လျစ်လျူရှု ထားတယ်လို့ နိင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက် အဖွဲ့၀င်က ဆက်ပြောပါတယ်။

အခုအဆောင် ၅ ကိုပို့ခံရတဲ့ အစာငတ်ခံဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေ ဘက်က ဖိအားပေးမှုတွေ တင်းကျပ်မှုတွေရှိနေတာကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစု၀င်တွေက ကုလသမဂ္ဂအပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို တင်ပြ အကူအညီ တောင်းသွားမယ်လို့ သိရပါတယ်။