ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိန်ခေါ်မှုများ

Inlay
Image caption သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အင်းလေးကန်ကြီး ကောလာပုံ

ဒီနေ့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့မှာ မြန်မာနိုင်ငံလို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ များများ စားစား မရှိတဲ့နိုင်ငံမှာ လူတွေ ဘယ်လောက် အထိ ပတ်ဝန်းကျင် ထိန်းသိမ်း ရမဲ့ တန်ဘိုးကို အလေးထား သလဲ ဆိုတဲ့ မေးခွန်းထုတ် ချင်စရာပါ။

အဲဒီ အပေါ်မှာတော့ မြန်မာ နိုင်ငံက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းနေသူ တဦး ဖြစ်တဲ့ ဒေါက်တာ ဖုန်းဝင်းက မြန်မာနိုင်ငံမှာ လူငယ် ပညာတတ် အသိုင်းအဝိုင်း နဲ့ စာရေး ဆရာ အသိုင်း အဝိုင်း တွေက ပတ်ဝန်းကျင် ထိန်းသိမ်းရ မယ်ဆိုတာ သိလာကြပြီ လို့ ဆိုပါတယ်။

ဒါပေမယ့် ကျန်တဲ့ အသိုင်း အဝိုင်း တွေ သိလာရဖို့ တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အရေးကြီးပုံကို လူတွေကို သိနားလည်အောင် အရင်ဆုံး စည်းရုံး ဟောပြောမှုတွေ လုပ်ဆောင်ရဦး မှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။

ဒေသခံ လူထု အတွက် က ဝမ်းရေး အတွက်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လဲ လုပ်ကြရင် အဲဒီ နှစ်ခုကို ဆက်စပ် ပြီး တကယ် အကျိုးရှိပြီး တကယ်လက် ခံနိုင်အောင် ဘယ်လို လုပ်ကြသလဲဆိုတော့ ဒေါက်တာ ဖုန်းဝင်းက အခုလို ရှင်းပြပါတယ်။

မြစ်၊ ချောင်းတွေ ထိန်းသိမ်း နိုင်ဖို့ အတွက် ကတော့ အဲဒီ ဒေသတွေက ပြည်သူတွေ သိနား လည်အောင်လုပ် ကြရာမှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အဖွဲ့တွေက ရွာတွေ ကိုသွားပြီး အလုပ်အတူတူ လုပ်ရင်း ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အလုပ်တွေကိုပါ လုပ်ကြကြောင်းနဲ့ အခုဆို တချို့ ရွာတွေ မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သိလာကြသလို လုပ်လဲ လုပ်လာကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်ရမှာ ရွာလူထု ဝင်ငွေ ရမယ့် လုပ်ငန်းတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို သဟဇာတ ဖြစ်အောင် ဒီဇိုင်း ဆွဲပြီး ဝင်ငွေ ရအောင် လုပ်ပေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းလောက် ရှိပြီး အခု အချိန်အထိတော့ ထောင် ဂဏန်းလောက် သာ ရောက်သေးလို့ အများကြီး အားစိုက် ရဦးမယ်လို့ လဲ ပြောပါတယ်။

တချို့နေရာတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အကျိုးရှိမဲ့ တိုက်ရိုက် နည်းပညာ တွေကို မသုံးနိုင်တဲ့ အခါမှာ ဒေသခံတွေ ရဲ့ ဝင်ငွေ ရရေး အသက် မွေးဝမ်းကျောင်း ပြုတာတွေနဲ့ ထိတ်တိုက် တွေ့ရတာ မျိုးတော့ ရှိတတ်ပါတယ်။ အဲဒီ အခါမျိုးမှာ တော့ အဲဒီလို အဖြစ်မခံပဲ သီးနှံ အထွက် တိုးချင်တဲ့ အခါမျိုးမှာ လယ်မြေကို ချဲ့တာမျိုးမဟုတ်ဘဲ သီးနှံကို စနစ် တကျ စိုက်ပျိုးရင် အထွက် တိုးတာမျိုး ကို ရှင်းပြပေး တယ်လို့ လဲ ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရပိုင်း က ဥပဒေနဲ့ ပံ့ပိုးတာ မျိုး၊ ငွေအား၊ လူအားနဲ့ ပံ့ပိုးတာ မျိုးတော့ အားနည်း နေပါသေးတယ်။ တချို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေ ပြဌာန်းဖို့ကို စောင့်နေရတာ ၁၀ နှစ်နီးပါး ရှိနေ ပြီ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ရာမှာ အစိုးရပိုင်းပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက ပိုင်းပဲ ဖြစ်ဖြစ် ရန်ပုံငွေ ဟာ အကန့်အသတ် ဖြစ်တတ်လို့ အဲဒီ ရှိသလောက် နဲ့ ဒေသခံ လူထုလဲ အကျိုးရှိ ပတ်ဝန်းကျင် လဲထိန်းသိမ်း ဖြစ်အောင်ဘယ်လို လုပ်နေကြ သလဲ ဆိုတဲ့ အခါမှာတော့ လောလောဆယ်မှာ အန်ဂျီအို တွေ စုပေါင်း ပြီး ရလာတဲ့ ရန်ပုံငွေကို မျှဝေ ခံစားပြီး ရေရှည် ရပ်တည်နိုင်အောင် လုပ်နေကြကြောင်းနဲ့ ဒီလို ရပ်တည်နိုင်လို့ ကိုယ်အလုပ် လုပ်နိုင်တယ် ဆိုတာကို နိုင်ငံတကာကို ပြနိုင် လာရင် ရန်ပုံငွေတွေ ပိုရလာနိုင်မယ် လို့မျှော်လင့် ထားကြောင်း တွေကို ပြောပြသွား ပါတယ်။