အမေရိကန်-မြန်မာ နှစ်နိုင်ငံ အပေးအယူ ရှိဖို့လို

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရရော၊ အတိုက်အခံ တွေနဲ့ပါ John McCain တွေ့ဆုံခဲ့
အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် တိုးတက်လာရေးအတွက် တဖက်နဲ့ တဖက် အပေးအယူ မျှဖို့၊ တဦးနဲ့ တဦး ရင်းနှီး နားလည်စွာ ဆက်ဆံဖို့၊ ပွင့်လင်း ရိုးသားမှုတွေ ရှိဖို့ လိုတယ်လို့ NDF ပါတီရဲ့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကို ပြောပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် John McCain ရဲ့ ၃ရက်တာ ခရီးစဉ် အတွင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ရာမှာ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့အတူ ဒေါက်တာ မြတ်ဉာဏစိုးလည်း တက်ရောက်ခဲ့ပြီး John McCain ကို မေးခွန်းတွေ မေးခွင့် ရခဲ့ပါတယ်။
စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှု မရှိတဲ့အတွက် ပြန်ရုတ်သိမ်းဖို့ အစီအစဉ် ရှိ မရှိ၊ စီးပွားရေး ပိတ်ဆို့မှုတွေအစား မြန်မာနိုင်ငံမှာ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွေလုပ်ပြီး ပြည်သူတွေ စီးပွား တိုးတက်လာအောင် လုပ်ပေးတာက ပိုအကျိုး ရှိ မရှိ ဆိုတာတွေကို သူ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အာရပ်နိုင်ငံတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ရင် နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်မှုတွေ များလာပြီး အုံကြွ ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ John McCain က ပြောသွားတဲ့အတွက် အခုလို စီးပွားရေး ပိတ်ဆို့မှု ကိစ္စအကြောင်း သူ အဓိက မေးခဲ့တာလို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
John McCain ကလည်း ဒီကိစ္စကို အမေရိကန် အစိုးရထံ ပြန်တင်ပြမယ်လို့ ပြန်ဖြေသွားခဲ့ တယ်လို့ ဆိုပါတယ်။
ဒုတိယ အချက်အနေနဲ့ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စကို တင်ပြရာမှာ John McCain က ကြိုဆို ထောက်ခံကြောင်း ပြောခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် နဲ့ အမြဲတမ်း ကော်မီတီဝင်တွေကို အမေရိကန် နိုင်ငံဆီ လာရောက်ကြဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဖက်က တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဟာ ပြည်သူတွေ လိုလားတဲ့ ဆန္ဒ ဖြစ်တာမို့ မြန်မာ အစိုးရဖက်က ဖြည့်ဆည်း ပေးမယ် ဆိုရင် အလုပ်ဖြစ်မှာ ဖြစ်သလို အမေရိကန်တို့ဖက်ကလည်း စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု အစား ကုန်သွယ် ပူးပေါင်း ဆောင်ရွက်မှုမျိုးကို လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးက ရှေ့ကို ခြေတစ်လှမ်း တိုးလာတဲ့အတွက် ပို အဆင်ပြေ ချောမွေ့ လာနိုင်မယ်လို့ ယူဆကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
John McCain တို့ ရီပတ်ဘလီကန် ပါတီဝင်တွေတင်မက ဒီမိုကရက် ပါတီဝင်တွေကိုလည်း မြန်မာနိုင်ငံကို မကြာခဏ လာရောက်ပြီး ထိတွေ့ ဆက်ဆံမှုတွေ လုပ်စေလိုကြောင်းနဲ့ ဥပဒေပြုရေး အခန်းကဏ္ဍမှာ မြန်မာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကော်မီတီဝင်တွေ ကိုလည်း အမေရိကန် ကွန်ဂရက် လွှတ်တော်ဆီ ဖိတ်ကြားပြီး မြန်မာ့နိုင်ငံရေး အခြေအနေ တွေကို မေးမြန်းစေလိုကြောင်းကိုလည်း John McCain ကို သူအဆိုပြု ပြောပြခဲ့တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကို ပြောပြသွားပါတယ်။