တေး​မြုံ​ငှက် ကွယ်​လွန်

နိုင်ငံကျော် တေးရေးဆရာ တဦးဖြစ်တဲ့ တေးရေး မောင်သစ်မင်းဟာ ဇွန်လ ၅ ရက်၊ စနေနေ့ မနက်က ထိုင်းနိုင်ငံက ဆေးရုံမှာ ဆေးကုသမှု ခံယူရင်းကနေ အူမကြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BHT
Image caption တေးရေးမောင်သစ်မင်းရဲ့ နာမည်ကျော် တေးသီချင်းတပုဒ် တေးမြုံငှက်

နာမည်ကျော် အဆိုတော်တွေ ဖြစ်အောင်နဲ့ ဖြစ်ပြီးသူတွေ ထပ်ပြီး နာမည်ကျော်အောင် အဓိပ္ပာယ်ရှိတဲ့ တေးသီချင်းများစွာ ရေးသား ပေးခဲ့တဲ့ နိုင်ငံကျော် တေးရေးဆရာဟာ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ် ရှိပါပြီ။

ကဗျာဆရာအနေနဲ့ အနုပညာလောကကို စပြီး ဝင်ရောက်လာခဲ့ပေမယ့် သီချင်းရေးဆရာ အဖြစ်နဲ့ အောင်မြင်ပြီး နာမည်ကျော်လာခဲ့ပါ တယ်။ မောင်သစ်မင်း တေးရေးပုံကို အားကျ အတုယူ ခဲ့ရပါတယ်လို့ ဒီနေ့ခတ် နာမည်ကျော် တေးရေးဆရာ တဦးဖြစ်တဲ့ ရွှေဂျော်ဂျော်က ဘီဘီစီကို ပြောပါတယ်။

ဆရာတယောက်၊ မိတ်ဆွေတယောက် ဆုံးရှုံးရုံတင် မဟုတ်ပါဘူး၊ နိုင်ငံ့အတွက်ပါ ဆုံးရှုံးမှု ပါလို့ ရွှေဂျော်ဂျော်က ပြောပါတယ်။

မောင်သစ်မင်းရဲ့ ကိုယ်ပိုင်တေးရေးဟန်လို့တောင် ပြောလို့ရတာကတော့ ဘဝ ဒဿနတွေ၊ လူမှုရပ်ဝန်းက အတွေးအခေါ်နဲ့ အတွေးအမြင်တွေကို သီချင်းနဲ့ ဖော်ကျူးတာမှာ နာမည်ကျော်ခဲ့တာပါ။ အခုဘုန်းကြီး ဖြစ်နေတဲ့ မင်းသား ကျော်ဟိန်းနဲ့ တခေတ်မှာ အတွဲညီခဲ့ကြပါတယ်။

နာမည်ကျော် အဆိုတော် ဇော်ဝင်းထွဋ်ကလည်း မောင်သစ်မင်းဟာ သီချင်းတွေကို ချစ်တဲ့ ဘဝနဲ့ယှဉ်တဲ့ အဆင့်မြင့် အနုပညာသမားလို့ ပြောပါတယ်။

ဂီတသမားစစ်တယ်၊ တေးရေးဘဝကို သေတဲ့အထိ လုပ်သွားတယ်၊ နှမျောပေမယ့် ကျေနပ်တယ်၊ တာဝန်ကျေတယ်၊ အဆင့်မြင့်တဲ့ ဒဿန သီချင်းတွေ ရေးပြခဲ့တာကြောင့် တခြား အနုပညာရှင်တွေကိုလည်း ဒဿန သီချင်းရေးဖို့၊ ဆိုဖို့ တွန်းအား ပေးခဲ့တယ်လို့ ဇော်ဝင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။