မြန်မာစစ်​တပ်​ရဲ့ အဓမ္မ​ခိုင်း​စေ​မှု​တွေ ရှိဆဲ

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ ကိစ္စတွေမှာ အရပ်ဘက် အရာရှိတွေရဲ့ ကျူးလွန်မှုတွေက နိုင်ငံ အနှံ့အပြားမှာ လျော့နည်း လာပေမယ့် စစ်တပ်က အဓမ္မ ခိုင်းစေမှု တွေကတော့ ရှိနေတုန်းပဲလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရနေတဲ့ ILO စည်းေးပွဲက မြန်မာ့အဓမ္မလုပ်အားပေးကိစ္စ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ အကြိမ် ၁၀၀ မြောက် အစည်း အဝေးမှာ မြန်မာနိုင်ငံက အဓမ္မ လုပ်အားပေး ခိုင်းစေမှု တွေနဲ့ ပတ်သက်ပြီး အထူး အစည်းအဝေး ကျင်းပခဲ့ပြီး နောက်မှာ မြန်မာ နိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ မစ္စတာ စတိဗ် မာရှယ်က ဘီဘီစီကို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပျောက်တဲ့ အထိ ILO က ရည်မှန်းထားလို့ ဆောင်ရွက် နေတဲ့ အကြောင်းနဲ့ လုပ်စရာတွေ ကတော့ အများကြီး ကျန်သေးတယ်လို့ သူက ဆိုပါတယ်။

ILO ညီလာခံမှာ ILO က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မြန်မာ အစိုးရဘက်က ဘယ်လောက် လိုက်နာတယ်၊ မလိုက်နာဘူး ဆိုတာကို စိစစ်တဲ့ Committee on the Application of Standards ရဲ့ ဆုံးဖြတ်ချက် မူကြမ်း ထွက်လာ ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းကို လာမယ့် ဇွန်လ ၁၇ ရက်ကျရင် ILO ညီလာခံမှာ တင်ပြပြီး နောက်ဆုံး အတည်ပြုချက် ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ အစိုးရသစ်နဲ့ ပတ်သက်လို့တော့ ILO နဲ့ ပတ်သက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို စောင့်ကြည့်ရမှာ ဖြစ်တဲ့ အကြောင်းနဲ့ မြန်မာ အစိုးရသစ် အနေနဲ့ ပိုပြီး တက်တက် ကြွကြွ ပူးပေါင်း ဆောင်ရွက် လာရင်တော့ နိုင်ငံသားတွေ အတွက်ရော၊ တိုင်းပြည် အတွက်ရော ကောင်းပါ တယ်လို့ မစ္စတာ မာရှယ်က ပြောပါတယ်။

လောလောဆယ်မှာတော့ ကလေးစစ်သား စုဆောင်းမှုတွေက ရှိနေတုန်း ဖြစ်သလို၊ လယ်ယာမြေတွေ မတရား အသိမ်းခံရလို့ ILO ကို တိုင်တန်းမှုတွေကလည်း ရှိနေတုန်းပဲလို့ သူက ဘီဘီစီကို ပြောပါတယ်။