ဒေါ်လာစျေးပြန်တက်ဖို့ လောလောဆယ်မမြင်

မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှု နှုန်းထားမှာ အမေရိကန် ဒေါ်လာစျေးက အလွန် ကျဆင်း နေပြီး ဒီကနေ့ ပေါက်စျေးဟာ ဆိုရင် စျေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၇၆၀၊ ၇၇၀ ကျပ်ပဲ စျေးပေါက် တယ်လို့ သိရပါတယ်။

Image caption ပြည်တွင်းမှာ များနေတဲ့ ဒေါ်လာတွေ

ဒီလိုစျေးကျတာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ၊ ဒေါ်လာနဲ့ လစာရသူတွေ၊ ပြည်ပမှာ စီးပွားရှာပြီး ပြည်တွင်းက မိသားစုကို ငွေပြန်ပို့နေသူတွေကတော့ ထိခိုက်နေပြီး ဒီ ဒေါ်လာစျေး ပြန်တက်ဖို့တော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးနှင်းဦးက ပြောပါတယ်။

သူအကြောင်းပြတာကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ဒေါ်လာတွေက လိုတာထက် များနေလို့လို့ ဆိုပါတယ်၊ ဒေါ်လာစျေး ကျနေတာဟာ စိုးရိမ်စရာ ကောင်းပြီး အနုတ် လက္ခဏာ ဆောင်နေတယ်လို့ သုံးသပ်ရတဲ့ အကြောင်း ဦးနှင်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို မကြာခင်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ချေးငွေတွေ ရလာတယ်၊ လူသားချင်း စာနာမှုအတွက် အကူအညီ ရတာတွေ ရှိတယ်၊ ဒါကြောင့် ဒေါ်လာတွေ ဝင်လာလို့ အမေရိကန် ပြည်ထောင်စု၊ အမေရိကန် တက္ကသိုလ်က စီးပွားရေး ပညာရှင် ဦးဇော်ဦးက သုံးသပ် ပါတယ်။

အခုလို စျေးတွေ ကျတော့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပို့ကုန်ကို အခြေခံတဲ့ ထုတ်လုပ်သူတွေ၊ လယ်ယာကို အခြေခံတဲ့ လယ်သမားတွေ၊ ခြံသမားတွေ အကုန် ထိခိုက်မှာပဲလို့ သူက ဆိုပါတယ်။

မြန်မာ့စီးပွားရေးတည်ဆောက်ပုံကိုက ကသောင်းကနင်း ဖြစ်နေတယ်၊ သဘာဝ သယံဇာတ ထုတ်ရောင်းတာတွေနဲ့ ချေးငွေ ရယူတာတွေက များနေပြီး ကုန်ထုတ်လုပ်ငန်း ဦးစီးတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု မရှိသေး သရွေ့တော့ ဒီလိုပဲ ငွေကြေးနဲ့ စီးပွားရေး ပြဿနာ တွေ ဖြစ်နေဦးမှာပဲလို့ ဦးဇော်ဦးက သုံးသပ်ပါတယ်။