ကချင်နဲ့ အစိုးရ စစ်တပ်ကြား ဖမ်းဆီးသူများ လဲလှယ်

နှစ်ဘက် တင်းမာမှုတွေ ရှိနေတဲ့ မြန်မာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် အဖွဲ့ကြားမှာ ဖမ်းဆီး ထားသူတွေကို အပြန်အလှန် ပြန်လည် လွှဲပြောင်း ပေးမှုတွေ ရှိခဲ့ ပါတယ်။

Image caption ကချင် လွတ်လပ်ရေး တပ်မတော်က တပ်သားများ

ကေအိုင်အေ ဘက်က သူတို့ ဖမ်းဆီး ထားတဲ့ အစိုးရ စစ်တပ်က ဗိုလ်ကြီး တစ်ယောက်အပါအဝင် စုစုပေါင်း သုံးယောက်ကို ပြန်လွှတ် ပေးခဲ့ပြီး အစိုးရ စစ်တပ် ဘက်က ဖမ်းသွားတဲ့ ကေအိုင်အေ တပ်ကြပ်ကြီး တစ်ယောက်ကိုတော့ သူ့ရဲ့ ရုပ်အလောင်းကိုသာ ပြန်ပေးခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ကချင်ပြည်နယ် မိုးမောက် မြို့နယ် အတွင်းမှာ လူအသေ အပျောက် အများဆုံး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ အပြီး နှစ်ဘက် ညှိနှိုင်း ခဲ့ကြ ပြီးတဲ့နောက် တဘက်နဲ့ တဘက် ဖမ်းဆီး ထားသူတွေကို အပြန်အလှန် လွှတ်ပေးဖို့ သဘောတူညီချက် ရခဲ့ အပြီး အခုလို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ စစ်တပ်ဘက်က ဗိုလ်ကြီး တစ်ယောက် အပါအဝင် သုံးယောက် သေဆုံးခဲ့ပြီး ကိုးယောက် ဒဏ်ရာရခဲ့တယ်၊ အေအိုင်အေ ဘက်ကလည်း နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

မြန်မာ အစိုးရ စစ်တပ်ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။