ဆင်းရဲမွဲတေမှု တကယ် ကျဆင်း လာပြီလား

Kids working ဓာတ်ပုံ မူပိုင် Ap
Image caption ဆင်းရဲမွဲတေမှု ကျဆင်းလာပြီ ဆိုသော်လည်း

အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့နဲ့ ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ တို့ ပူးပေါင်း ပြုလုပ်တဲ့ စစ်တမ်း တခု အရ မြန်မာနိုင်ငံဟာ ၂၀၀၅ ခုနှစ် တုန်းက ဆင်းရဲမွဲတေမှု မျဉ်းရဲ့ အောက်မှာ ၃၂ ရာခိုင်နှုန်း ကျရောက်နေပေမဲ့ ၂၀၁၀ ခုနှစ်မှာ ၂၆ ရာနှုန်းအထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှု မျဉ်းဟာ နိုင်ငံတကာ စံချိန်မဟုတ်ဘဲ မြန်မာနိုင်ငံအတွက် သတ်မှတ်ထားတဲ့ စံချိန်ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှု ကျဆင်းလာတယ် ဆိုတာကို ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး သင်ယူနိုင်မှု၊ ရေသန့်ရရှိမှု၊ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း စတဲ့ အချက် တွေနဲ့ တိုင်းတာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိန်းဂဏန်းနဲ့ တိုင်းတာလို့ မရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ယူမှု လို အချက် မျိုးကို ဘယ်လို တန်ဖိုးသတ်မှတ်ပြီး တိုင်းတာ သလဲဆိုတာ သေသေချာချာ မသိရပါဘူး။

စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းကတော့ ၂၀၀၅ ခုနှစ်တုန်းက နမူနာ ကောက်ယူခဲ့တဲ့ မိသားစုနဲ့ ၂၀၁၀ မှာ ကောက်ယူခဲ့တဲ့ မိသားစု အရေအတွက်ဟာ တဝက်သာ တူညီပြီး နောက်တဝက်က အသစ်တွေ ဖြစ်တဲ့ အတွက် စစ်တမ်း နှစ်ခုကို နှိုင်းယှဉ်တာဟာ သင့်တော်မှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူတဲ့အခါ မိသားစု ဝင်ငွေ၊ မိသားစု ပိုင်ဆိုင်ပစ္စည်းတွေကို ထည့်သွင်း တွက်ချက်မှု ရှိမရှိ ဆိုတဲ့ အချက်ကိုလည်း မဖော်ပြပါဘူး။ ပါမောက္ခ ဦးမော်သန်းက အဲဒီအချက်တွေကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ပိုပြီး ကိုယ်စားပြုနိုင်တဲ့ စစ်တမ်းမျိုး ဖြစ်မလားလို့ တွေးမိကြောင်း အကြံပြုပါတယ်။

စစ်တမ်းမှာ ကုန်စျေးနှုန်းကြီးမြင့်လာတာနဲ့ မြေယာလက်မဲ့ ဦးရေ တိုးပွားလာတာကိုလည်း ဖော်ပြထားတဲ့ အတွက် ဆင်းရဲ မွဲတေမှု ကျဆင်းလာတယ်ဆိုတာ ကျန်းမာရေး ပညာရေး ညွှန်းကိန်းတွေကိုသာ ကြည့်ရှု ပြောဆိုတာဖြစ်ပြီး စီးပွားရေး အခြေအနေ တိုးတက်မှု ရှိမလာဘူးလို့ ယူဆစရာ ဖြစ်နေပါတယ်။