ကချင် စစ်ပြေးတွေ ရာနဲ့ချီ တိမ်းရှောင်

Kachin
Image caption ကချင် လက်နက်ကိုင် စစ်သား တဦး

လဂျားယန် နဲ့ လဝါယန် ဒေသ က ကချင် ရွာသားတွေ စစ်ဘေး ကတိမ်းရှောင် ထွက်ပြေး လာကြတယ်လို့ ကချင်ပြည်နယ် လိုင်ဇာမြို့က ခရစ်ယန် ဘုရားရှိခိုးကျောင်းရဲ့ သင်းအုပ်ဆရာ တယောက်က ပြောပါတယ်။

မိုးမောက် တာပိန် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံနားမှာ ဖြစ်ပွားနေတဲ့ ကချင်နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲဟာ ပိုပြီးကျယ်ပြန့်လာ နိုင်တယ်လို့ ယူဆ ကြောက်လန့် ကြတဲ့ အတွက် တနင်္လာနေ့မှာ လူပေါင်း ၂၀၀ ကျော် စစ်ဘေးက ထွက်ပြေး တိမ်းရှောင်လာခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့မနက်မှာ တော့ အပစ်အခတ် ရပ်တန့်သွားတဲ့ အတွက် လူကြီးတွေ အိမ်ပြန်သွားကြပြီး ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေ ငါးဆယ်ကျော်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

တာပိန် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံမှာ အလုပ်လုပ်နေတဲ့ တရုတ် အင်ဂျင်နီယာနဲ့ အလုပ်သမား ၃၀ ကျော်လည်း တရုတ်နိုင်ငံဘက် ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။

မူလက တရုတ်အင်ဂျင်နီယာနဲ့ အလုပ်သမား ၁၀၀ ကျော် ရှိခဲ့ရာကနေ ၇၀ ကျော်ပြန်သွားပြီး ၃၀ ကျော် ပိတ်မိ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို တနင်္လာနေ့တုန်းက တရုတ်က ကားတစီးစေလွှတ်ပြီး အခေါ်လွှတ်ခဲ့ရာမှာ ကေအိုင်အေဘက်က သူတို့နယ်မြေကို ဖြတ်သန်းခွင့် ပေးခဲ့ပေမယ့် အစိုးရ အရာရှိ တွေ ခွင့်မပြုလို့ မပြန်ဖြစ်ခဲ့ဖူးလို့ ဆိုပါတယ်။ ဒီနေ့ အင်္ဂါနေ့ကျမှာ ညှိနှိုင်းထွက်ခွာသွားတယ်လို့ ဆိုပါတယ်။