ချက်ချင်း ထိုးစစ်ဆင်နိုင်ဖို့ အစိုးရဖက်က ပြင်နေ

KIA
Image caption တံတားတွေ ဖေါက်ခွဲ ဖျက်ဆီးပြီး သတိပေးခဲ့ တယ် လို့ KIA ဖက်က ဆို

KIA ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ လောလောဆယ် အရှိန်လျော့သွားပေမဲ့ မြန်မာ အစိုးရဖက်က တပ်အပြောင်းအရွှေ့ နဲ့ စစ်အင်အား ဖြည့်တာတွေ ပိုလုပ်လာနေ ပါတယ်။

ဗန်းမော်ဒေသ တဝိုက်မှာ အစိုးရဖက်က တပ်တွေ တိုးချလာနေသလို ဗန်းမော်ဖက်ကို အင်္ဂါနေ့က သင်္ဘော ၄စီး၊ ဗုဒ္ဓဟူးနေ့က သင်္ဘော ၂စီး နဲ့ တပ်တွေ ရောက်လာပြီး နမ္မတီး မိုးကောင်း ဖက်မှာလည်း ရထားတွေနဲ့ တပ်အင်အားတွေ တိုးချလာနေတာကို တွေ့ရတယ်လို့ KIA ကချင် လွတ်လပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ ထိုးစစ်ဆင်မယ် ဆိုရင် ချက်ချင်း ထိုးစစ်ဆင်နိုင်အောင် အသင့်လုပ်ထားတဲ့ အနေအထား ဖြစ်ပုံ ရတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက ဒေသတွေမှာ KIA တပ်ဖွဲ့ဝင်တွေက တံတားတွေ ဖေါက်ခွဲ ဖျက်ဆီးခဲ့တာဟာ ဒေသ အနှံ့အပြားမှာ လူအင်အား တွေနဲ့ လုပ်နိုင်တယ်ဆိုတာကို အင်အားပြ သတိပေးတဲ့အနေနဲ့ KIA ဖက်က လုပ်ပြခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

ဒါပေမဲ့ လူထု လမ်းပန်း အဆက်အသွယ် ပြတ်သွားအောင် လုပ်တာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုလောလောဆယ်မှာ ပြင်းထန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မရှိပေမဲ့ အခြေအနေက တင်းမာနေဆဲပဲလို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

တပ်မဟာ ၁၊၂၊၃၊၄ တွေ ရှိတဲ့ နေရာ အတော်များများ မှာ ရှောင်လွှဲ မရတဲ့ အခြေအနေမျိုး တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။