အပစ်ရပ်ရေး အတွက် ကချင်အတိုင်ပင်ခံ ကောင်စီ ကြားဝင် ဆောင်ရွက်

kachin
Image caption ကေအိုင်အေ တို့ လေ့ကျင့်ကွင်းမှာ

ကချင် ပြည်နယ် မှာ ဖြစ်နေတဲ့ တိုက်ပွဲ တွေရပ်ဖို့ အတွက် အာဏာပိုင် ပိုင်း က တောင်းဆိုမှု အရ ကချင် အတိုင်ပင်ခံ ကောင်စီ ဟာ ကေအိုင်အေ နဲ့ ဆွေးနွေး ခဲ့ပါတယ်။

ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ် ဟောင်း ဦးသိန်းဇော် က ကချင် အတိုင်ပင်ခံ ကောင်စီ ကို ကချင် လက်နက်ကိုင် တပ်ဖွဲ့ အပစ်ရပ်ဖို့ အတွက် လုပ်ပေးဖို့ သတင်းပါး ခဲ့တယ် လို့ သိရပါတယ်။

ကချင် အတိုင်ပင်ခံကောင်စီ ကို ကချင် အမျိုးသားရေး ဆောင်ရွက်သူတွေ နဲ့ အရင် နအဖ အစိုးရ ကြား ဆက်သွယ်စေ့စပ် ဆောင်ရွက် ပေးတဲ့ အဖွဲ့ အဖြစ် လူအများ လေးစား ကြတဲ့ ကချင် လူကြီး တွေ နဲ့ ဖွဲ့စည်းထား ခဲ့တာပါ။

သို့ပေမယ့် လည်း အပစ်အခတ်ရပ်ဖို့ ကြိုးစား မယ့် ကချင်ကောင်စီ မှာ အစိုးရ စစ်တပ် က အပစ်ရပ်မယ် ဆိုတဲ့ အာမခံချက် ကို မပေး နိုင်တဲ့ အကြောင်း ကချင် သတင်း အေဂျင်စီ က အယ်ဒီတာ ကိုနော်ဒင်း က ဘီဘီစီ ကို ပြောပါတယ်။

ကချင် အတိုင်ပင်ခံကောင်စီ အနေနဲ့ အပေါ်ယံ သာပြောဆို နိုင်မယ့် အဖွဲ့ ဖြစ်တဲ့ အတွက် ကချင်လက်နက်ကိုင် တပ်ဖွဲ့ နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်နေတဲ့ တိုက်ပွဲ တွေ က ရပ်သွား မယ့်ပုံ မရှိဘူး လို့ သုံးသပ် နေကြပါတယ်။