တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထပ်ထွက်ပြေး

kia
Image caption မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခတွေ့

လတ်တလော ဖြစ်နေတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ဆီ ဒုက္ခသည်တွေ ထပ်ရောက်လာနေသလို ကချင်ပြည်တွင်းက KIA တပ်မဟာ ၃ ရှိရာ ဒေသဆီကိုလည်း ဒုက္ခသည်တွေ ရာနဲ့ ချီ လာရောက် ခိုလှုံနေကြပါတယ်။

တရုတ်မြန်မာ နယ်စပ် လွယ်ကျယ်မြို့နဲ့ ကပ်ရက် တပ်မဟာ ၃ နယ်မြေထဲမှာ KIA ကဒုက္ခသည် စခန်း နှစ်ခု ဖွင့်ထားပေးပြီး စားနပ် ရိက္ခာတွေ ထောက်ပံ့ ပေးထားတယ်လို့ KIA တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆေးခန်းတစ်ခုလည်း ဖွင့်ထားပေးပြီး ဆေးကုသမှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီက ဒုက္ခသည်တွေဟာ KIA နဲ့ အစိုးရ တပ်တွေ ပထမဆုံး တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဆန်ဂန်ရွာက ရွာသူ ရွာသားတွေ ဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာလို့ ပြောပါတယ်။

လောလောဆယ်မှာ မြေကြီးပေါ်မှာပဲ ပလပ်စတစ် ခင်းပြီး နေနေကြရတယ်လို့ သိရပါတယ်။

တရုတ်ပြည်ထဲလည်း ဝင် မပြေးနိုင်၊ လိုင်ဇာမြို့အထိလည်း မသွားနိုင်ကြတဲ့အတွက် ဒုက္ခသည်တွေ အနေနဲ့ အဲဒီစခန်းတွေမှာပဲ သောင်တင်နေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။