အီးယူအဖွဲ့ မြန်မာ ခရီးစဉ် ပြီးဆုံး

EU delegation ဓာတ်ပုံ မူပိုင် AP
Image caption အထူးကိုယ်စားလှယ် ပီယာရို ဖာဆီနို နဲ့ နိုင်ငံခြားရေး အကြံပေး ရောဘတ် ကူးပါး

မြန်မာ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး အကြံပေး ပုဂ္ဂိုလ် ရောဘတ် ကူးပါး နဲ့ ဥရောပ သမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖာဆီနိုတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ခရီးစဉ် ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံရေးပါတီ ကကိုယ်စားလှယ် တချို့၊ တိုင်းရင်းသား ပါတီက ကိုယ်စားလှယ် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သတင်းထောက်တချို့နဲ့လဲ တွေ့ဆုံခဲ့ပြီး ခရီးစဉ် အကြောင်း ရှင်းပြခဲ့ပါတယ်။

အီတလီသံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုရောက်သွားတဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောပြချက်အရ အီးယူကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရအပေါ် အပြုသဘောမြင်ပြီး ခရီးစဉ်ပေါ် အားရကြေနပ်မိတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရဘက်က တာဝန်ရှိသူတွေရော ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီ တချို့နဲ့လည်း တွေ့ခွင့် ရခဲ့တယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အပြုသဘော ဘက်ကို ဦးတည် နေတယ်လို့ အီးယူ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မစ္စတာ ရောဘတ် ကူးပါး ကပြောပါတယ်။

အီးယူဘက်က မြန်မာအစိုးရ အပေါ် ဘယ်လိုဖြစ်ချင်တယ် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းပေးဖို့ ရှိသလား စသဖြင့် သတင်းထောက် တွေက မေးတဲ့အခါမှာ ဒီကိစ္စတွေကို ပြောဖို့က စောသေးတယ်လို့ဘဲ ပြန်ဖြေခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ ပြန်လည် ဆက်ဆံရေးမှာ ဥရောပ သမဂ္ဂ အတွင်း သဘောထား ကွဲလွဲပြီး အငြင်းအခုံဖြစ်နေတယ်၊ ဒါကို သဘောတူညီမှု ရအောင် လုပ်နိုင်မလားမေးတော့လည်း ဥပရောသမဂ္ဂမှာ အမြဲတန်း ငြင်းခုံနေကြတာရှိပြီး အချိန်တန်ရင်တော့ ဘုံရပ်တည်ချက်တခုတော့ရတာဘဲ လို့ပြန်ဖြေပါတယ်။

ဒီခရီးစဉ်မှာ တွေ့တဲ့သူတွေနဲ့ ဘာတွေပြောခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောသွားခြင်းမရှိပါဘူး။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်ကလည်း အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်ခဲ့တယ်လို့ ဆို

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ်စ်မြို့ ဥရောပသမဂ္ဂ ရုံးက နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ရဲ့ ပြောခွင့်ရ အမျိုးသမီး မာယာ ကိုစီယန်ချစ်ကလဲ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးဟာ အချက်အလက် လေ့လာရေး အတွက် ဖြစ်ပြီး တွေ့ရှိချက်တွေကို အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေကို ပြန်တင်ပြမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးမှာ သဘောတူ ထားတဲ့ အတိုင်း မြန်မာ အစိုးရသစ်ရဲ့ လုပ်ရပ်တွေကို အကဲ ဖြတ်ပြီး ဥရောပ သမဂ္ဂရဲ့ လက်ရှိ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒတွေကို သုံးသပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အီးယူ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့တဲ့ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဦးသုဝေကတော့ အီးယူဖက်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုတွေကို ပြန်စဉ်းစားဖို့ ဆန္ဒရှိနေတယ်လို့ သူယူဆတဲ့ အကြောင်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရက ပြည်တွင်းမှာ လူ့အခွင့်အရေး အခြေအနေတိုးတက်အောင် မလုပ်ပေးမချင်း ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ဖြစ်ဦးမှာ မဟုတ်ဘူးလို့ ပြောသွားတယ်လို့လည်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။