မြစ်​ကြီး​နား​မှာ ဗုံး​တွေ​ကွဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ မနေ့ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်ခု တပြိုင်နက်လိုလို ဖြစ်ပွားခဲ့ပါတယ်။ မြစ်ကြီးနား အမှတ် ၁ ရဲစခန်း ခြံဝန်းဘေးမှာ တလုံး၊ လဝက ရုံးရှေ့မှာ တလုံး ပေါက်ကွဲပြီး ထိခိုက် ပျက်စီးတာကလွဲလို့ အထိအခိုက် အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

Image caption အစိုးရတပ်အနှောင့်အယှက်ဖြစ်အောင် တံတားနဲ့ တခြားနေရာ ဗုံးခွဲတာလို့ KIO ပြော

KIA ဘက်က ဖောက်ခွဲတာလို့သိရပြီး မြစ်ကြီး နားမြို့ထဲက နန်းကွေ့ မြစ်ကူးတံတားကိုလည်း ဗုံးခွဲခဲ့လို့ မြစ်ကြီးနား-မန္တလေး ရထားလည်း ရပ်နား ထားရတယ်လို့ သိရပါတယ်။

ဒီလိုအစိုးရတပ်နဲ့ KIA ကြား တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် ဒေသခံလူထုတွေမှာ စိုးရိမ်နေသလို အသက်ဘေးအတွက် ထွက်ပြေး သူတွေလည်း ရှိနေလို့ KIO ဌာနချုပ် လိုင်ဇာမှာ ဒုက္ခသည် ၅၀၀၀ လောက်နဲ့၊ KIA တပ်မဟာ ၃ နယ်မြေ လွယ်ဂျယ်မှာတော့ ဒုက္ခသည် ၂၆၆၅ ဦး ရှိနေတယ်လို့ နောက်ဆုံး စာရင်းတွေအရ သိရပါတယ်။

ရဲစခန်းဘေးပတ်လည်က ဆိုင်ခန်းဟောင်းတွေ နေရာကို ဖောက်ခွဲခဲ့တာဖြစ်လို့ ထိခိုက် ဒဏ်ရာရသူ မရှိတာလို့ မြစ်ကြီးနား ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။ မြစ်ကြီးနား မှာတော့ ဆိုင်တွေလည်း ပိတ်ထားပြီး တမြို့လုံးလည်း ခြောက်ကပ်နေ တယ်လို့ သူက ဆက်ပြောပါတယ်။

KIA အောက်ခြေတပ်တွေက လူကို ထိခိုက်အောင် မလုပ်ဘဲ စစ်ဆင်ရေးအရ အစိုးရတပ်တွေ အနှောင့်အယှက် ဖြစ်ရရုံသာ အခုလို ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်တာလို့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေကတော့ နေ့တိုင်းလို ကြိုကြားကြိုကြား ဖြစ်နေတယ် လို့ သူက ဆက်ပြောပါတယ်။