အောက်ခြေအုပ်ချုပ်ရေးမှူး ခန့်အပ်မှု ပြည်သူတွေ မကျေနပ်

Image caption အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးတွေကို အာဏာရ ပါတီက စိတ်ကြိုက် ရွေးချယ်နေ

အောက်ခြေအဆင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နိုင်ငံနဲ့အနှံ့ ရွေးနေ ရာမှာ လူထု စိတ်တိုင်းကျ ရွေးချယ်တာ မဟုတ်ဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ စိတ်ကြိုက်ရွေးတဲ့အတွက် အောက်ခြေ ပြည်သူတွေက မကျေမနပ်ဖြစ်နေကြ ပါတယ်။

သက်ဆိုင်ရာပြည်နယ်တိုင်းဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ် တင်မြောက်ပြီးတဲ့နောက်မှာ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတွေကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ တိုက်ရိုက်ခန့်အပ်ခဲ့ပြီး အောက်ခြေ ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာတော့ ဒေသဆိုင်ရာ အာဏာရ ပါတီက စိတ်ကြိုက် ရွေးချယ်တာတွေ အရင် ရပ်ကွက်ဥက္ကဌဟောင်းတွေက လာဘ်ထိုးပြီး အုပ်ချုပ်ရေးမှူး နေရာပြန်ယူတဲ့အကြောင်းတွေကို နေရာအနှံ့က ပြည်သူတွေ အပြောအရသိရပါတယ်။

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်သံတိုင်ရွာ အုပ်ချုပ်ရေးမှူး ရွေးတဲ့နေရာမှာ ပြည်သူကို တမျိုးပြော အထက်ကို အစီရင်ခံတော့ တမျိုးလုပ်သွားတဲ့အတွက် အောက်ခြေပြည်သူတွေ မကျေနပ်တဲ့အကြောင်း ဒေသခံရွာသူတဦး ဘီဘီစီကို ပြောပါတယ်။

'' ထန်းတပင်မြို့နယ် သံတိုင်ကျေးရွာမှာ လွှတ်တော်အတွေ့အကြုံကို ရှင်းဖို့ဆိုပြီး လာပြီး တော့ မလိမ့်တပတ်နဲ့ စည်းရုံးရေးမှူးတွေအဖြစ် ပြန်ပြီးတော့ ရွေးချယ်တာတဲ့။ အုပ်ချုပ် ရေးမှူး ရွေးချယ်တာမဟုတ်ဘူးဆိုပြီးတော့ မလိမ့်တပတ်နဲ့ပေါ့နော်။ နောက်ပိုင်းကျတော့ ဒီလူတွေ.. ဒီလူတွေကိုပေါ့နော် ကျေးရွာကနေပြီးတော့ ဒါတွေ့ကို တင်မြှောက်ပါတယ် ဆိုပြီးတော့ သူတို့က ငွေတွေယူပြီးတော့ သိန်းကို ဆယ်နဲ့ချီပြီးတောင်းပြီးတော့ သူတို့က ကြံ့ခိုင်ရေးအဖွဲ့ကလည်း ဖြစ်တာရယ်ဆိုပြီးတော့ လုပ်တဲ့ ကိစ္စကို ကျေးရွာကနေ လုံးဝ မကျေနပ်ကြဘူး '' ဆိုပြီး ပြောပြပါတယ်။

သုံးခွမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော် ရွေးတဲ့ နေရာမှာလည်း တဝက်က လူဟောင်းတွေပဲဖြစ်ပြီး ကျန်တဝက်ကလည်း ပြည်သူ့ စိတ်တိုင်းကျ ရွေးတာ မဟုတ်တဲ့ အတွက် သုံးခွဒေသခံတွေ မကျေမနပ်ဖြစ်နေတာကို သုံးခွဒေသခံတဦးက ပြောပါတယ်။

ဒီလိုအလားတူဖြစ်ရပ်တွေကတော့ နေရာအနှံ့မှာဖြစ်ပွားနေတာပါ။ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးရွေးချယ်တာထိ အသေးစိတ်မပါတဲ့အတွက် လွှတ်တော်ထဲမှာ လူထုကိုယ်စားလှယ်တွေ အကျေအလည် ပြန်ဆွေးနွေးသင့်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ထောက်ပြပါတယ်။

'' ကိုယ်စားလှယ်တွေရွေးသလို လူထုကနေအများလက်ခံယုံကြည်နိုင်တဲ့ အုပ်ချုပ်ရေးမှူး တွေကိုရွေးသင့်တာပေါ့ အခုဟာက အနိုင်ရပါတီက ဦးဆောင်ပြီးတော့ သူတို့လိုလားသူကို ရွေးနေတယ် ဒါတွေကတော့ သူတို့သက်ဆိုင်ရာမှာ လူထုလွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်၌က လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ကို ပြောရမှာဗျ။ ဒီ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဘယ်လိုအရည်အချင်း ပြည့်မှီတဲ့သူကို သတ်မှတ်မလဲ၊ ကျေးရွာက လေးစားယုံကြည်မဲ့လူကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ အခွင့်အလမ်း ရနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ယခင်အုပ်ချုပ်ရေး ပုံစံအဟောင်းအတိုင်းပဲ သွားနေမယ်ဆိုရင်တော့ ဒုံရင်းဒုံရင်းပဲ ပြန်ဖြစ်ဦးမှာပဲဗျ '' ဆိုပြီး ဦးအောင်သိန်း ရှင်းပြပါတယ်။

ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရမယ့် အောက်ခြေအဆင့်အုပ်ချုပ်ရေးမှူးရွေးတဲ့ကိစ္စကို ခုလို ပြည်သူ့ဆန္ဒ မပါဘဲလုပ်နေတာကြောင့် ဒီကိစ္စကို ပြန်လည်စီစစ်ပေးဖို့ ရန်ကုန်တိုင်း အတွင်း သုံးခွမြို့နယ်ကစပြီး ဒေသခံတွေရဲ့ လက်မှတ်တွေ စုဆောင်းပြီးတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲဝင်တဲ့ ပါတီ ၃၇ ပါတီက အမတ်တွေဆီကို တိုင်ကြားစာတွေ ပေးပို့သွားမယ်လို့ သိရပါတယ်။