ဗုံး​ကွဲ​အပြီး စျေး​ချို​အရောင်း​ပါး

ဇွန်လ ၂၄ ရက်က ဈေးချိုရှေ့က လိုင်စင်မဲ့ ကားတစီးပေါ်မှာ ကွဲခဲ့တဲ့ ဗုံးကြောင့် လူ သုံးဦး ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း အရောင်းအဝယ် အတော်ကျသွားတယ်လို့ စျေးချို က ဆိုင်ရှင်တွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မန္တလေးစျေးချိုနားမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေရာယူစစ်ဆေးခဲ့

``အရောင်းအဝယ် တော်တော်လေးကို အေးသွား တယ်။ မတည်ငြိမ်တဲ့ ပုံစံမျိုးဖြစ်နေတော့ နယ် ကုန်သည်က မဆင်းလာတော့ဘူး၊ အရင်ကဆို နယ်ကုန်သည်က ဒီမှာလာတယ်၊ စိတ်ကြိုက် တွေ့တာလေးရှိရင် ဝယ်သွားတယ်၊ အခုတော့ ဟိုကပဲ တကယ်လိုတဲ့ ပစ္စည်းလောက်ကို ဖုန်းနဲ့လှမ်းမှာပြီး ဝယ်ကြတယ်``လို့ စျေးချိုက ဆိုင်ရှင် တဦးက ဘီဘီစီကို ပြောပါတယ်။

မိုးတွင်းကာလကလည်းဖြစ်၊ ဒေါ်လာနဲ့တရုတ် ငွေဈေးကလည်း ကျနေလို့ အရောင်းအဝယ် ပါးနေတဲ့အချိန်မှာ အခုလိုဗုံးသတင်းတွေကြောင့် ဈေးဝယ်မရှိ သလောက် ခြောက်ကပ်နေပြီး၊ အာဏာပိုင်ဘက်ကတော့ လုံခြုံရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

``ဈေးပတ်လည်မှာ မီးချောင်းတွေ ဆင်တယ်၊ တီဗီကင်မရာလား မသိဘူး ရုံဝင်ပေါက်မှာ တပ်ဖို့ လုပ်နေကြတယ်၊ ဗုံးအန္တရာယ် သတိပေးတာတော့ မရှိပါဘူး`` လို့ စျေးချို မြေညီ ထပ်က ဆိုင်ရှင်တယောက်က ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့က မန္တလေးမှာ ဗုံးပေါက်ကွဲခဲ့သလို ပြင်ဦးလွင်နဲ့ နေပြည်တော်မှာလည်း လူမနေတဲ့ အိမ်တွေမှာ ထူးထူးဆန်းဆန်း တချိန်တည်းလိုလို ဗုံးပေါက်ကွဲခဲ့ ပါတယ်။