ယိုယွင်းကျဆင်းမှုနိုင်ငံစာရင်းထဲ မြန်မာပါဝင်

Failed States ဓာတ်ပုံ မူပိုင် Foreign Policy
Image caption မြန်မာနိုင်ငံက အန္တရာယ်ဇုံထဲမှာ

အမေရိကန်အခြေစိုက် အထင်ကရ မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းနဲ့ The Fund for Peace ငြိမ်းချမ်းရေးရံပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး ထုတ်ပြန်တဲ့ ကမ္ဘာ့ အထွေထွေ ယိုယွင်းကျ ဆင်းနေသော နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံး နံပါတ် ၁၈ နေရာမှာ ရှိပါတယ်။

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို သုတေသနပြုထုတ်ပြန်တဲ့ ယိုယွင်းကျဆင်းမှု စာရင်းမှာတော့ နိုင်ငံစုစုပေါင်း ၆၀ တွေ့ရပြီး အဆိုးဆုံးအဖြစ် ထိပ်ဆုံးမှာ အာဖရိကတိုက်က ဆိုမာလီ နိုင်ငံကို တွေ့ရ ပါတယ်။ ၁၇၇ နိုင်ငံထဲမှာ အဆိုးဆုံးနဲ့ဆန့်ကျင်ဘက် အကောင်းဆုံးနိုင်ငံအနေနဲ့တော့ ဖင်လန်နိုင်ငံကို တွေ့ရပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံကတော့ အရင်နှစ်က အဆိုးဆုံး နံပါတ် ၁၆ ကနေ ဒီနှစ်မှာတော့ နံပါတ် ၁၈ နေရာကို ရောက်လာလို့ တချို့အပိုင်းတွေမှာ နည်းနည်းချင်းစီ တိုးတက်လာ တာတွေ ရှိတယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုးတက်လာတယ်ဆိုတဲ့အပိုင်းမှာ စီးပွားရေးကျဆင်းမှုစာရင်းမှာ အရင်လောက် ကျဆင်းမှုမရှိပဲ အနည်းငယ် တက်လာ တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် The Fund for Peace
Image caption ယိုယွင်းပျက်စီးမှုအများဆုံးက ဆိုမာလီနိုင်ငံ

အဆိုးဆုံးဆိုတာကို ပြတဲ့ ညွှန်းကိန်းတွေထဲ မှာတော့ မြန်မာနိုင်ငံရဲ့ အညံ့ဆုံး အချက်တွေထဲမှာ Deligetimisation of the State လို့ခေါ်တဲ့ လူတွေကနေ အစိုးရအုပ်ချုပ်ရေး စနစ်အပေါ် ယုံကြည်လက်ခံမှု သိပ်မရှိတာ၊ လူ့အခွင့်အရေးအခြေအနေတွေ နဲ့ ဖွံ့ဖြိုးရေး မညီမျှမှုတွေကတော့ အညံ့ဆုံးအချက်တွေအဖြစ် ပါ၀င်တာ တွေ့ရပါတယ်။

လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် LSE က သုတေသနပညာရှင် ဒေါက်တာ ဇာနည်ကတော့ မြန်မာနိုင်ငံဟာ ပင်လယ် ဓားပြတွေ ကြီးစိုးတဲ့ ဆိုမာလီနိုင်ငံနဲ့ အသွင်သဏ္ဍန်တူတဲ့ အချက်တွေ ရှိနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ယိုယွင်းကျဆင်းမှု အခြေအနေတွေကို တိုးတက်အောင် လုပ်ဖို့ဆိုရင် ပထမဆုံး အစိုးရက သူတို့ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြု လက်ခံဖို့လိုတယ်၊ နောက်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့အတူ နိုင်ငံရေးသမား ကောင်းတွေဟာ လူထုပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးတွေကို အခုချိန်မှာ စလုပ်ရင်တောင် ကောင်းလာဖို့က နောက်ထပ် မျိုးဆက်တစ်ခုစာလောက် အချိန်ယူရနိုင်တယ်လို့ ဒေါက်တာ ဇာနည်က သုံးသပ် ပြောပါတယ်။