မူဆယ်စျေးကြီး မီးလောင်

Muse
Image caption မူဆယ်မြို့ စျေးကြီး မီးလောင်ရတဲ့ အကြောင်း ရင်းကို အသေအချာ မသိရသေး

ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ စျေးကြီး မှာ အင်္ဂါနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာမှာ ဆိုင်ခန်းပေါင်း ၃၀ နီးပါးလောက် မီးထဲ ပါသွားပါတယ်။

မနက် ၅နာရီခွဲကျော်ကျော်လောက်ကနေ မီးစလောင်ခဲ့ရာမှာ ၃နာရီလောက် အကြာမှာ မီးငြိမ်း သွားပါတယ်။

ပရိဘောဂဆိုင်၊ မွေ့ယာဆိုင်နဲ့ ရွှေဆိုင်တွေ မီးထဲပါသွားတယ်လို့ ဆိုပါတယ်။

ဆုံးရှုံးမှု ပမာဏ တန်ဖိုးက ကျပ်သိန်း ၂ထောင် ပတ်ဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။

ဆိုင်ခန်း အပြင်ဖက်က ဝါယာကြိုး ရှော့ခ် ဖြစ်ရာကနေ စဖြစ်တာလို့ အာဏာပိုင်တွေက ပြောပေမဲ့ မနက်အစောကြီး လူမရှိတဲ့ အချိန်မှာ မီးစလောင်ခဲ့တဲ့အတွက် ဝါယာကြိုးကြောင့် မီးလောင်တယ် ဆိုတာကို တချို့က သံသယ ဖြစ်နေကြတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်းကတော့ ဒီမီးလောင်မှုနဲ့ ပတ်သက်လို့ မီးသတ်က တရားလို လုပ်ပြီး အမှုဖွင့် တိုင်ကြားထားတဲ့အတွက် စစ်ဆေးမှုတွေ လုပ်ရအုံးမှာမို့ မီးလောင်ရတဲ့ အကြောင်းရင်းကို တပ်အပ် မပြောနိုင်သေးဘူးလို့ ပြောပါတယ်။