KIAနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ထပ်ဖြစ်

KIA ဓာတ်ပုံ မူပိုင် BCUK
Image caption ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ နိုင်ငံတကာမှာ တောင်းဆိုနေကြ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက ဒေသတချို့မှာ KIA ကချင် လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြား စနေနေ့က ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ခဲ့ပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း KIA တပ်မဟာ ( ၂ ) လက်အောက်ခံ တပ်ရင်း ( ၅ ) က တပ်ဖွဲ့ဝင်တွေနဲ့ မပခ လက်အောက်ခံ ခလရ ( ၁၄၁ ) တပ်ဖွဲ့ဝင်တွေ နေ့လည် ၁၂နာရီဝန်းကျင် လောက်က အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

အစိုးရ တပ်ဖက်က နယ်ကျွံလာလို့ ပြန်တိုက်ခဲ့ရတယ်လို့ KIA တို့ဖက်က ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် တာမိုးညဲ မြို့နယ်ခွဲ နာဝီ ရွာနားမှာလည်း KIA တပ်မဟာ ( ၄ )၊ တပ်ရင်း( ၂ ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ( ၂၉၀ ) တို့ တနာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဖွဲ့ဝင် တချို့ကို KIA ဖက်က လက်ရ ဖမ်းဆီးထား နိုင်ခဲ့တယ် လို့ KIA ရှေ့တန်း သတင်းရပ်ကွက်က ဆိုပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ် နမ်ကွတ်ရွာနားမှာလည်း KIA တပ်မဟာ ( ၄ )၊ တပ်ရင်း ( ၉ ) နဲ့ အစိုးရ စစ်တပ် စကခ ( ၁၆ ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲ အသေအပျောက် စာရင်းတွေနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသေး ပါဘူး။

KIA ဖက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ စစ်တပ်ဖက်က ကချင်ပြည်နယ် အစိုးရရဲ့ နယ်စပ်နဲ့ လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက် ကြာသပတေးနေ့က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခဲ့ ကြအပြီးမှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အစိုးရဖက်က တဖက်သတ် အပစ်ရပ်ကြောင်း အထောက်အထားတွေနဲ့ မပြသနိုင် မချင်း ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေအုံးမယ်လို့ KIO ဗဟိုကော်မီတီဝင် ဦးလာနန်း က ဘီဘီစီကို ပြောပါတယ်။