မြန်မာသံတမန် အမေရိကန်မှာ ခိုလှုံခွင့်တင်

burmese_embassy ဓာတ်ပုံ မူပိုင် Myanmar Embassy
Image caption မြန်မာသံရုံး အင်တာနက်စာမျက်နှာ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံးမှာ ဒုတိယအကြီးအကဲ ဦးကျော်ဝင်းဟာ အမေရိကန်နိုင်ငံ အစိုးရဆီကို နိုင်ငံရေးခိုလှုံခွင့် လျောက် ခဲ့ပါတယ်။

သံတမန်တစ်ဦးအဖြစ် နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် ဦးကျော်ဝင်းဟာ ၂၀၀၈ ကစလို့ အမေရိကန်က မြန်မာသံရုံးမှာ အမှုထမ်းခဲ့ပါတယ်။

လက်ရှိမြန်မာအစိုးရသစ်ကနေ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မှုမရှိတဲ့အတွက် ဒီလို လျောက်ထားတယ်လို့ ဦးကျော်ဝင်းကနေ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဆီ တနင်္လာနေ့ရက်စွဲနဲ့ပို့တဲ့ စာပေါ်မှာ သူခိုလှုံခွင့်တင်တဲ့ အကြောင်းရင်းတစ်ရပ်အဖြစ် တွေ့ရပါတယ်။

နောက်ပြီး အမေရိကန်အတွင်းက လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဆက်သွယ်မှု၊ အမေရိကန်-မြန်မာဆက်ဆံရေးတိုးမြှင့်ဖို့ သူ့ရဲ့ အကြံပြုချက်တွေကို အစိုးရက ပယ်ချခဲ့မှုတွေ နောက်ပိုင်း သူ့ကို အစိုးရဘက်က အန္တရာယ်လို့ မြင်လာတာကြောင့် ခိုလှုံခွင့်တင်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၅ ခုနှစ်တုန်းကလည်း ဒီသံရုံးကနေပဲ ဒုတိယတာဝန်ခံ ဗိုလ်မှူး အောင်လင်းထွဋ်ဟာ အမေရိကန်နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။