RNDP ပါတီထူထောင်တဲ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပ

rndp
Image caption ရခိုင်ပြည်နယ်မှာ RNDP ပါတီက ထောက်ခံမဲ အများအပြား ရခဲ့

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား ပါတီတခုရဲ့ နှစ်ပတ်လည် အခမ်းအနားမှာ ဒေသခံတွေ က သူတို့ရဲ့ နစ်နာ ဆုံးရှုံးမှုတွေကို သက်ဆိုင်ရာက သိအောင် တင်ပြပေးဖို့ ပြောဆိုခဲ့ကြ ပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စ ထူထောင် ဖွဲ့စည်းတဲ့ နှစ်ပတ်လည် အခမ်းအနား ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာမှာ ဒေသခံ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ပြည်သူတွေ ခံစား နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့် အစိုးရထံ တင်ပြပေးဖို့ ပြောခဲ့ကြပါတယ်။

လယ်သမားတွေ လိုအပ်နေတဲ ဓါတ်မြေသြဇာ နဲ့ ချေးငွေ မလုံလောက်တဲ့ ကိစ္စရပ်တွေ အပြင် မင်းပြားမြို့နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ရာမှာ အရင် ရယက အဟောင်း တွေကို ပြန်ခန့်နေတဲ့ ကိစ္စကို တင်ပြခဲ့ကြတယ်လို့ မင်းပြား မြို့နယ် လွှတ်တော် အမတ် ဦးသာကျော်က ဘီဘီစီကို ပြောပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ခန့်အပ်ဖို့ ဒေသခံတွေက လိုလားနေကြတယ် လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ချောင်းတွေ၊ မြစ်တွေကို အစိုးရဆီက လေလံ ရထားသူတွေက တဆင့်ခံ ပြန်ရောင်းစား နေတဲ့ ကိစ္စကို မွေးမြူရေးနဲ့ ရေလုပ်ငန်း ဦးစီးဌာနက စစ်ဆေးပေးဖို့ ကိုလည်း ဒေသခံတွေက တင်ပြခဲ့ကြပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်တွေကလည်း ဒေသခံတွေ တင်ပြတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပြန်လည် တင်ပြ ပေးမယ်လို့ ပြောပါတယ်။