ဆင်းရဲတဲ့ချင်းပြည်နယ် ဘယ်လိုချမ်းသာနိုင်မလဲ

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အပါအဝင် အစီရင်ခံစာတွေထဲမှာ ဆင်းရဲမှုနဲ့ပတ်သက်လို့ မြန်မာ တနိုင်ငံလုံးအနေနဲ့ ၂၅ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ပြည်နယ်နဲ့တိုင်းအလိုက် ခွဲခြမ်း စိတ်ဖြာမှုမှာတော့ ချင်းပြည်နယ်က အဆိုးရွားဆုံးနဲ့ ဆင်းရဲမွဲတေမှု မျဉ်းတန်း အောက် ရောက်သူဟာ ၇၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

Image caption စစ်တွေမြို့မစျေးထဲက စျေးသမတဦး၊ ရခိုင်က UNDP မွဲတေမှုစာရင်း ဒုတိယနေရာမှာ ရှိ

အခုတော့ အစိုးရသစ်ကလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတဲ့ အသံတွေကို မီဒီယာကနေ မြိုင်မြိုင်ဆိုင်ဆိုင် သုံးနှုန်းလာခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ မူလ အနေအထားတွေကြောင့် ဆင်းရဲတာလို့ ချင်းအမျိုးသားပါတီ ဥက္ကဌနဲ့ တီးတိန်မြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်းက ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်က ဘာမှမထွက်လို့ ဘာမှမရောင်း နိုင်ဘဲ ဝင်ငွေမရှိတာလို့ သူက ဆိုပါတယ်။ ဝင်ငွေရပြီး ပြည်နယ် စီးပွားရေး တိုးတက်အောင် ဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ ချင်းပြည်ကို လာရောက် လည်ပတ်လာအောင် လုပ်နိုင်ရင် ကောင်းမယ်လို့ ဦးဇိုဇမ်းက ပြောပါတယ်။

တခါ ချင်းပြည်နယ် ထက်၊ အောက်၊ လယ်မှာ စိုက်ပျိုးရေး သိပ္ပံတွေ တည်ထောင်လို့ စံပြ စိုက်ခင်းတွေ တည်ထောင်ပြီး ချင်းပြည်နယ်သားတို့အားလုံး လိုက်ပါ ဆောင်ရွက်နိုင်ရင် လည်း ချင်းပြည်ထွက်ကုန်တွေ ထုတ်နိုင်မယ်လို့ ဆိုပါတယ်။

UNDP ရဲ့ စစ်တမ်းအရဆိုရင် ပြည်နယ်နဲ့တိုင်းတွေထဲမှာ ချင်းပြည်နယ်ပြီးရင်တော့ ရခိုင်ပြည်နယ်က ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်သူတွေ အများဆုံးရှိတဲ့ ဒုတိယပြည်နယ် ဖြစ်ပါတယ်။