မြန်မာကမ်းလွန်မှာ ရဟတ်ယာဉ်ပျက်ကျ

heliunion ဓာတ်ပုံ မူပိုင် Heliunion
Image caption အခုပျက်ကျတဲ့ ရဟတ်ယာဉ်က Heli-Union ကနေ ငှားရမ်းထား

တနင်္သာရီကမ်းလွန်က ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကို သွားတဲ့ လုပ်ငန်းခွင်သုံး ရဟတ်ယာဉ် တစ်ဦးဟာ ကမ်းလွန်မှာ ပျက်ကျတာကြောင့် လူ ၃ ဦးသေဆုံးသွားတယ်လို့ စွမ်းအင်အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူတွေကတော့ ဒီစီမံကိန်းမှာ လုပ်နေကြတဲ့ မြန်မာတွေလို့ သိရပြီး တွဲဘက်ရဟတ်ယာဉ်မှူး ဦးအုန်းသန်းလည်း ကွယ်လွန်တဲ့အထဲမှာ ပါတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ ပါတဲ့ တခြား လူ ၈ ဦးကိုတော့ ကယ်ဆယ်ခဲ့နိုင်တယ်လို့ အရာရှိ တစ်ဦးက ပြောပါတယ်။

ရဟတ်ယာဉ်ကတော့ ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ ကုမ္ပဏီကနေ မလေးရှားက ပက်ထရို့နာစ့် ကုမ္ပဏီက ငှားရမ်းသုံးစွဲထားတဲ့ ရဟတ်ယဉ်ဖြစ်ပါတယ်။

ရဟတ်ယာဉ်ကုမ္ပဏီဘက်ကတော့ ပျက်ကျတယ်ဆိုတဲ့အကြောင်းကိုပဲ အတည်ပြုခဲ့ပြီး အသေးစိတ်ကိုတော့ မပြောနိုင်သေးကြောင်း ဘီဘီစီကို ပြောပါတယ်။