ကလေးစစ်သား အရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ချ

unsc ဓာတ်ပုံ မူပိုင် Getty
Image caption ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ကလေးစစ်သား အရေး၊ စစ်ဖြစ်ပွားတဲ့ ဒေသတွေမှာ ကျောင်းတွေ နဲ့ ဆေးရုံတွေကို ဖျက်ဆီး တိုက်ခိုက်မှု နဲ့ ကလေးတွေအပေါ် မတရားညှဉ်းပန်းမှု တွေ ကို သက်ဆိုင်ရာ အစိုးရ စစ်တပ်တွေ နဲ့ သူပုန်တပ်ဖွဲ့ တွေ ကျူးလွန်မှု တွေကို အရေးယူရေး၊ အစီရင်ခံစာ ထုတ်ပြန်ရာမှာ လုံခြုံရေးကောင်စီ က တညီတညွတ်ထဲ ထောက်ခံလိုက်ပါတယ်။

အဆိုပါ နိုင်ငံတွေထဲမှာ ဖိလိပိုင်၊ ကိုလံဘီယာ၊ ကွန်ဂို၊ ဆူဒန် နဲ့ မြန်မာနိုင်ငံ တို့ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံ မှာ ဆိုရင်၊ မြန်မာ့တပ်မတော် ရော၊ သူပုန်တပ်ဖွဲ့ အုပ်စု နှစ်ခု ပါ စစ်မက်ဖြစ်ပွားရာ ဒေသမှာ ကလေးစစ်သား စုဆောင်း၊ အသုံးချမှု တွေ ရှိနေဆဲ လို့ ပဌမဆုံး အနေနဲ့ ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာ ကို အခြေခံပြီး၊ ကလေးစစ်သား အရေး လေ့လာနေတဲ့၊ ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမား အဖွဲ့ ILO မှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိဖ်မာရှယ် ကို ဆက်သွယ်ပြီး၊ သူ့ သဘောထား အမြင်ကို မေးကြည့်ရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အစီရင်ခံစာ ကို လုံခြုံရေးကောင်စီ က အပြည့်အဝ ထောက်ခံခြင်းဟာ အရေးကြီး တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

နောက်ထပ်အကြံပြု စကား ပြောလိုတာကတော့ မြန်မာအစိုးရ အနေနဲ့လဲ၊ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် ထွက်လာချိန်ကို အခွင့်အရေး တရပ်အနေနဲ့ ယူပြီး သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရင်၊ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီးသား ဖြစ်နိုင်တယ် လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။