မြစ်ဆုံ ရေကာတာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်

Image caption ရေကာတာတွေ ကြောင့် ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ဖြစ်နိုင်

ဧရာဝတီ မြစ်ဆုံရေကာတာ ကို တည်ဆောက်နေတဲ့ China Power Investment (CPI) ကုမ္ပဏီကြီးက ရန်ပုံငွေတွေ ချပေးပြီး ဒီဆည်တွေကြောင့် သဘာဝပတ်ဝန်းကျင် အတွက် ထိခိုက်မှု နဲ့ လူမှုရေး စီးပွားရေး ဆိုးကျိုးတွေ ဘယ်လောက် ရှိနိုင်သလဲ ဆိုတာကို တိုင်းတာဖို့ တရုတ်နဲ့ မြန်မာပညာရှင် တွေကို ဆန်းစစ် စေခဲ့ပါတယ်။

အဲဒီပညာရှင်တွေက သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဒီဆည်တွေကြောင့် ရမယ့် ကောင်းကျိုးထက် ဆိုးကျိုးကများကြောင်း ထောက်ပြ ထားပေမယ့် ဆည်တည်ဆောက်ရေး စီမံကိန်းကို CPI က ဆက်လုပ်ဆောင်နေကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ယက်အဖွဲ့က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

စာမျက်နှာ ၉၄၅ မျက်နှာရှိ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အစီရင်ခံစာမှာ ဒီရေကာတာကြီးကို ဧရာဝတီမြစ်တွင် ဆောက်ရန် မသင့်လျှော်ကြောင်း အကြံပြု ထားတာ ဖြစ်ပါတယ်။

CPI က ဧရာဝတီမြစ်နှင့် မြစ်လက်တက် တလျှောက်တွင် ရေကာတာကြီး ၇ ခု ဆောက်လုပ်ရန် စီမံကိန်းချ ထားတာ ဖြစ်ပါတယ်။