ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲဆက်

Image caption အစိုးရတပ်က ပြန်ဆုတ်သွားတဲ့ အတွက် နာရီဝက်လောက် အကြာမှာ တိုက်ပွဲပြီး

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ဆက်လက်ဖြစ်ပွားနေရာ ဒီကနေ့ နေ့လည် (၂) နာရီလောက်က နာရီဝက်လောက်ကြာ အပြန်အလှန် တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါ တယ်။

မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ‘နမ်ဆန်ယန်’ ရွာအနီးက ကေအိုင်အေ တပ်မဟာ (၅)၊ ရင်း (၁၈) ခွင်အတွင်းမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တစုနဲ့ (မပခ) လက်အောက်ခံ အစိုးရစစ်တပ် ခလရ (၂၁) က တပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေ ရှေ့တန်းစစ်ဖက်ရပ်ကွက် အဆိုအရ ကေအိုင်အေ နယ်မြေအတွင်းကို အစိုးရ စစ်တပ်က နယ်ကျွံ ဝင်ရောက်လာတဲ့ အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပြီး၊ အစိုးရစစ်တပ်ဖက်က ပြန်လည်ဆုတ်ခွါသွားတဲ့အတွက် နာရီဝက်လောက်အကြာမှာ တိုက်ပွဲ ပြီးသွားတယ် ဆိုပါတယ်။

ကေအိုင်အေဖက်က အထိအခိုက်မရှိပေမဲ့ အစိုးရတပ်ဖက်ကတော့ အထိအခိုက် ရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ပထမဆုံးတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ တာပိန် ရေအားလျှပ်စစ်စက်ရုံ တည်ရှိရာ နယ်မြေ အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၃)၊ ရင်း (၁၅) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မပခ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကြားမှာလဲ တရက်ခြား နှစ်ရက်ခြားလောက် အပြန်အလှန် ပစ်ခတ်နေကြရာမှာ ကြာသပတေားနေ့ ကတော့ ကေအိုင်အေ တပ်ဖွဲ့ဝင် တဦး ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ဆိုပါတယ်။

မနေ့ကလည်း ကေအိုင်အို ဗဟိုကော်မီတီကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲကာ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးကို လိုလား ကြောင်း တရားဝင် ထုတ်ဖေါ်ကျေညာခဲ့ပေမဲ့ အစိုးရဘက်က ဘာမှ ပြန်လည်တုန့်ပြန်ခြင်း မရှိသေးပါ။

ပြီးခဲ့တဲ့လ (၉) ရက်နေ့ ကတည်းက စတင်ဖြစ်ပွားနေတဲ့ တိုက်ခိုက်နေမှုတွေကနေ စစ်မီး တဖန် တောက်လောင် လာတာကို ဘယ်လိုမှ မငြှိမ်းနိုင်ပဲ ကချင်ပြည်နယ်အတွင်းမှာ အခု ချိန်အထိ နေ့စဉ်ရက်ဆက် လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။