ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် မိုးကြီး ရေလျှံ

Image caption မိုးကြီး ရေလျှံ နေတဲ့ အခြေအနေ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက တချို့ နေရာတွေမှာ မိုးကြီးပြီး ရေလျှံတဲ့ အတွက် အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်း ရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ နေရပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အနည်းဆုံး ကျေးရွာ ၆ ခုက အိမ်ခြေပေါင်း ၅ဝဝ လောက် ရေလွှမ်းခံထားရပြီး လူဦးရေ ၂၀၀၀ လောက် ဘေးဒုက္ခ ရောက်နေကြပြီး လယ်တွေလည်း ဧက ထောင်ချီကာ ရေမြုပ်နေပါတယ်။

နီးစပ်ရာ ကျေးရွာတွေက ခုလို ဝိုင်းဝန်း ကူညီကြတာရှိသလို၊ မနေ့က ညနေပိုင်း မှာတော့ ဂွမြို့မှာရှိတဲ့အာဏာပိုင် တွေက သောက်ရေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ သွားပို့ဖို့ ပြင်ဆင် နေကြတယ်လို့ စုံစမ်း သိရပါတယ်။

မြောက်ဦး မြို့နယ်ထဲမှာလည်း မြစ်ချောင်းနဲ့ နီးတဲ့ ကျေးရွာတွေ ရေမြုပ်ကုန်လို့ လူတွေကို အရေးပေါ် ရွှေ့ပြောင်း နေကြရပါတယ်။

မြောက်ဦးမြို့ ဆန်ချဆိပ်က သက်ရွာနဲ့ လက်ကောက်စျေး အရပ်က အုန်းတပင် ရွာတွေမှာ လူတွေကိုယ့် အစီအစဉ်နဲ့ ကိုယ်ဘေးလွတ်ရာ အနီးအနားက မူလတန်း ကျောင်း တခုကို ပြောင်းရွှေ့ နေကြတယ်လို့ ဆိုပါတယ်။

လောလောဆယ် ရေဘေး ဒုက္ခသည်တွေ အတွက် ထမင်းထုပ် လိုက်ကောက်တာ ရှိပေမယ့် တရားဝင် ကယ်ဆယ်ရေး စခန်း ဖွင့်ထားတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတမြို့ မှာလည်း ဇူလိုင်လ ၉ ရက်နေ့ ကတည်းက နေ့စဉ် ရက်ဆက် မိုးရွာတာကြောင့် လမ်းတွေပေါ် ရေလျှံ ယုံတင်မ ကဘဲ တချို့ ရပ်ကွက် တွေမှာ လူနေအိမ်တွေပါ ရေမြုပ်ကုန်တဲ့ အတွက် ရပ်ကွက် ၅ ခုလောက်က ခန့်မှန်းခြေ အိမ်ထောင်စု ၅၀ ကျော်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး၊ ဘေးလွတ်ရာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားခိုလှုံနေရတယ်လို့မြို့ခံတွေကပြောပါတယ်။

မြို့ရဲ့ အဓိကစျေးဖြစ်တဲ့ ပဒေသာပင် စျေးကိုလည်း ပိတ်ထားရတယ်လို့ ဆိုင်ပိုင်ရှင် တဦးကပြောပြပါတယ်။

အာဏာပိုင်တွေက ရေမြုပ်တဲ့ အိမ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ နှိုးဆော် တာကလွဲလို့ အကူညီ ပေးတာ မရှိသေးဘူး လို့လည်း အဲဒီဆိုင်ရှင်က ပြောပါတယ်။