ကရင်ပြည်နယ်တွင်း ဒီကေဘီအေနဲ့ တိုက်ပွဲထပ်ဖြစ်

DKBA ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ တပ်သားများ

ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲမှာ ဒီကေဘီအေနဲ့ မြန်မာအစိုးရ စစ်တပ်တွေ အင်္ဂါနေ့ ညနေ ပိုင်းကနေ ဗုဒ္ဓဟူးနေ့ မနက်အထိ တိုက်ပွဲ ဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်တာက မြဝတီမြို့အရှေ့တောင်ဖက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်တောင် ဆိုတဲ့ ရွာအနီးမှာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အစိုးရစစ်တပ်က တပ်ရင်း ၂၇၅ က အဝေးပစ် မော်တာတွေ နဲ့ ပစ်ခတ်တဲ့ အသံကို မြ၀တီကနေတောင် ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

''အဲဒီ ကျောက်တောင်ဖက်ကို ဒီကေဘီအေကနေပြီးတော့ အယောက် ၂၀ လောက် လာကပ် တယ်တဲ့။ အဲလိုသတင်းရတဲ့အခါကျတော့ ၂၇၅ က လိုက်တာ'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆက်တိုက်ရွာနေတဲ့ မိုးထဲလေထဲမှာ ပစ်လိုက် နားလိုက်နဲ့ လုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီတိုက်ပွဲမှာ မြန်မာအစိုးရစစ်တပ်က ၁၀ ယောက်ထက်မနည်း ထိခိုက် သေဆုံးတယ်လို့ မြဝတီ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် လည်း ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒီကေဘီအေဖက်က အသေအပျောက်ကိုလည်း မသိရသေးပါဘူး။

မြဝတီမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဒီကေဘီအေတွေက ဝင်တိုက်မယ်ဆိုပြီး သတင်းထွက် နေလို့ မြဝတီမြို့တွင်းနဲ့ မြို့ပြင်တွေမှာ မြန်မာအစိုးရဖက်က လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။