ကလေးစစ်သား စုဆောင်းခံရသူကို သုံးသိန်းနဲ့ ပြန်ရွေးခိုင်း

ဓာတ်ပုံ မူပိုင် bbc
Image caption အသက်မပြည့် သေးဘဲ စစ်သား အဖြစ် စုဆောင်း ခံရသူတွေ ရှိနေဆဲ

တွံတေးမြို့နယ် မြပို ကျေးရွာက အသက်(၁၇)နှစ် အရွယ် မောင်အောင်အောင် ကို ကလေးစစ်သား အဖြစ် ဒညင်းကုန်း စစ်သား စုဆောင်းရေး တပ်က စုဆောင်းခဲ့ပြီး ငွေသုံးသိန်းနဲ့ ကလေးကို ပြန်ရွေးခိုင်းခဲ့ ပါတယ်။

ဖခင်ဖြစ်သူက အိမ်ပေါင်ပြီး ငွေနဲ့ သွားရွေးတဲ့ အချိန်မှာတော့ ကလေးဟာ ဖောင်ကြီး သင်တန်း ကျောင်း ရောက်သွားပြီလို့ သိရပါတယ်။

ဦးစိုးသန်းရဲ့ သား အောင်အောင် ဟာ ပြီးခဲတဲ့လ (၂၃)ရက်နေ့က နေအိမ် ကနေ ပျောက်သွား ခဲ့တာ ဖြစ်ပါတယ်။

လိုက်စုံစမ်းတော့ ဒညှင်းကုန်း စုဆောင်ရေး တပ်မှာ ရှာတွေ့ခဲ့ပြီး သားဖြစ်သူက ပြန်ခေါ်ဖို့ ပြောလာတဲ့ အတွက် တပ်သား စုဆောင်းရေးက တာ၀န်ရှိသူကို ပြေလည်အောင် ညှိပေးပါ၊ ကလေးကို ပြန်ခေါ် သွားချင်တယ် ဆိုတော့ ဖခင်ကို ကလေးနဲ့ ပေးမတွေ့ တော့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် ဇူလိုင်လ တရက်နေ့မှာ ဖခင်ဖြစ်သူကို ခေါ်ပြီး သားဖြစ်သူကို လိုချင်ရင် လူတယောက်နဲ့ ငွေသုံးသိန်း ယူလာပြီး လာလဲပါလို့ ဆိုလာတာကြောင့် လူတယောက်တော့ ရှာလို့ မရဘူး ငွေသုံးသိန်း အတွက်တော့ အိမ်ပေါင်ပြီး သွားရွေးခဲ့ပါတယ်။

သွားရွေးတဲ့ အခါ တပ်ကြပ်ကြီးက ငွေကို တညအိပ် ယူထားပြီး နောက်နေ့ ကလေး သွားပြန်ခေါ်ချိန်မှာ ကလေးဟာ မရှိတော့ဘူးလို့ ဆိုပါတယ်။

တကယ် လိုက်လံ စုံစမ်း ကြည့်တော့ ဖောင်ကြီး ပါသွားခဲ့တာ ဖြစ်ပြီး ယူထားတဲ့ ငွေ(၃)သိန်း ပြန်ပေးခဲ့ ပေမယ့် ကျပ်တသောင်း နုတ်ယူထား လိုက်တယ်လို့ သိရပါတယ် ။

ခုလို သားဖြစ်သူကို စစ်သားအဖြစ် စုဆောင်းပြီး အရောင်းအဝယ် လုပ်သလို ဖြစ်နေတာကြောင့် မကျေနပ်တဲ့ အတွက် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြား လိုက်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ် ။