ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် ဝန်ကြီး တွေ့မယ်

Image caption အိမ်အကျယ်ချုပ်က လွတ်ပြီးကတည်းက တွေ့ဆုံ ဆွေးနွေးရေး ဒေါ်စု အကြိမ်ကြိမ်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဝန်ကြီး တယောက်တို့ ဒီနေ့ တနင်္လာနေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပြီး အစိုးရသစ် လက်ထက် အတွင်း ပထမဆုံး တွေ့ဆုံမှု ဖြစ်တာကြောင့် ဒီမိုကရေစီ ထွန်းကားဖို့ ခိုင်မာတဲ့ တိုးတက်မှုတွေ လုပ်ဆောင်ပါလို့ အမေရိကန် အစိုးရ တောင်းဆိုခဲ့ ပြီး ဖြစ်ပေါ်လာတဲ့ ဒီတွေ့ဆုံမှုအပေါ် သတိကြီးစွာနဲ့ မျှော်လင့် နေကြပါတယ်။

မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အပြီး အိမ်အကျယ်ချုပ်က လွတ်လာ ကတည်းက အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထပ်တလဲလဲ မကြာခဏ တောင်းဆိုခဲ့ပေမယ့် အစိုးရဖက်က ဘာမှ လုပ်ဆောင်ခဲ့တာ မရှိပါဘူး။

အခုတော့ အရင် စစ်အစိုးရ လက်ထက် တုန်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်အစိုးရကြား ဆက်ဆံရေး တာဝန်ယူပေးရတဲ့ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံလိမ့်မယ်လို့ အစိုးရ အရာရှိ တယောက်က စနေ့နေ့ ညနေပိုင်းက ပြောကြောင်း အေအက်ပီနဲ့ တခြား အေဂျင်စီ သတင်းတွေမှာ ရေးသားထား ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆီကို တနင်္ဂနွေနေ့ မနက်က အကြောင်းကြား ခဲ့တာ ဖြစ်ပြီး အစိုးရ ဧည့်ဂေဟာမှာ တွေ့ကြမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။