အပစ်အခတ် ရပ်စဲရေး ဘာ့ကြောင့် နှောင့်နှေး နေသလဲ

KIA ceasefire ဓာတ်ပုံ မူပိုင် KIO
Image caption အပစ်ရပ်ကြွေးကြော်ရင်း နှစ်ဘက် ဆက်လက် ပစ်ခတ်ဆဲ

အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး အတွက် ဇူလိုင် ၂၂ ရက် နေ့က အစိုးရက ပေးပို့ခဲ့တဲ့စာကို ကေအိုင်အိုဘက်က အကြောင်းပြန် ကြားချက် ပေးပို့ခဲ့ ပြီးပြီလို့ ဆိုပါတယ်။

နှစ်ဘက်အပြန်အလှန် ပေးပို့တဲ့ စာတွေမှာ ပါဝင်တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အပစ်အခတ် ရပ်စဲရေး အတွက် ကေအိုင်အို ဘက်က အဓိက လိုလားချက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။

အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ အချက်ကို သဘောကျပုံမရဘူးလို့ ကေအိုင်အို ဗဟိုကော်မတီဝင် ဦးလာနန်းက ပြောပါတယ်။

အစိုးရဘက်က ပေးတဲ့စာထဲမှာ ကချင် ပြည်နယ်က အတွေ့အကြုံကို သင်ခန်းစာ ယူပြီးမှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုကြောင်း ဦးလာနန်းကပဲ ပြောပါတယ်။

ကေအိုင်အိုဘက်ကတော့ ဒါဟာ ကချင်ဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က ငြင်းလိုက်တာလို့ ယူဆပါတယ်။

ကေအိုင်အိုဘက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တောင်းဆိုချက်ကိုရော ကျန် တိုင်းရင်းသားတွေက သဘောတူပါသလားလို့ ဘီဘီစီက မေးရာမှာတော့ ကေအိုင်အိုရဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး တောင်းဆိုချက်ဟာ UNFC နဲ့ ညှိနှိုင်းပြီး ရေးသားထားတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ဆိုပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဟာ ပြည်တွင်းပြည်ပ တိုင်းရင်းသား အဖွဲ့ ၁၅ ဖွဲ့ တွေ့ဆုံဖွဲ့စည်း ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။