သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures

ဓာတ်ပုံ မူပိုင် bbc
Image caption ဒေါ်အောင်ဆန်းစုကြည် က Reith Lecures က လွတ်လပ်ခွင့် အကြောင်း ဟောပြော

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်မှာတော့ လွတ်လပ်ခွင့်အကြောင်း ဟောပြောချက် ပထမပိုင်းကို နားဆင်နိုင်ကြပါတယ်။

လွတ်လပ်ခွင့် အကြောင်း

ဘီဘီစီ ကတဆင့် အခုလို မိတ်ဆွေ တို့ကို စကားပြောရတာ ကျွန်မ အဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ကျွန်မဟာ တရားဝင် အားဖြင့် လွတ်လပ်မှုရှိသော လူပုဂ္ဂိုလ် တစ်ယောက် တဖန် ပြန်လို့ ဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ကျွန်မဟာ တရားဝင် အားဖြင့် လွတ်လပ်မှု မရှိသော လူတစ်ယောက် ဖြစ်နေခဲ့ တုန်းက ဆိုလိုတာက နေအိမ် အကျယ်ချုပ်နဲ့ နေခဲ့ရစဉ် တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ ရသူပါ။ ဒါပေမယ့် အဲဒီလို နားထောင် ရတဲ့အတွက် လွတ်လပ်မှု တစ်မျိုး ကိုလည်း ကျွန်မ ရခဲ့ပါတယ်။ အခြားသော လူပုဂ္ဂိုလ် တို့ရဲ့ အတွေးအမြင်ကို စူးစမ်း နိုင်ခြင်း ဆိုတဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေးအမြင် ဖလှယ်ရတာ မျိုးနဲ့တော့ တထပ်တည်း တူညီတယ်လို့ မခေါ် နိုင်ပါဘူးပေါ့။ ဒါပေမယ့် လူသားချင်း ဆက်သွယ်မှု ပုံစံ တမျိုး ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

ကိုယ့်ရဲ့ အတွေး အခေါ် ၊ ကိုယ့်ရဲ့ မျှော်လင့်ချက် ၊ ကိုယ့်ရဲ့ အရယ်အမော ဆိုတာတွေကို မျှဝေချင် လို့ နောက်ပြီး တခါတလေမှာ ကိုယ့်ရဲ့ ဒေါသ ၊ ကိုယ့်ရဲ့ ဒေါမနဿ ကိုပင်လျှင် မျှဝေချင် လို့ သူတပါး လူသားတွေနဲ့ လွတ်လပ်စွာ ဆက်သွယ်ခွင့် ဆိုတာဟာ ဘယ်သော အခါမှ ချိုးဖောက်တာ ခံရဖို့ မသင့်တဲ့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မဟာ မိတ်ဆွေတို့နဲ့ လူကိုယ်တိုင် မတွေ့မဆုံ နိုင်သော်လည်းပဲ ကျွန်မ အဖို့ရော နောက်ပြီး လွတ်လပ်မှု ကင်းမဲ့ခြင်းလို့ ကျွန်မခေါ်ချင်တဲ့ ဝမ်းနည်းဖွယ်ရာ ကောင်းလှတဲ့ အခြေအနေကြီးမှာ နေထိုင်နေရတဲ ဖြစ်တဲ့ ကမ္ဘာ တဝှမ်းလုံးက တခြား သူတွေ အဖို့ရော လွတ်လပ်ခွင့် ဆိုတာ ဘယ်လို အဓိပ္ပါယ် အနှစ်သာရ ပြည့်ဝ သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အတွေးအမြင် တွေကို မိတ်ဆွေ တို့ဆီ ရောက်အောင် မျှဝေ ပေးလိုက်ခြင်း အားဖြင့် လူသားချင်း ဆက်သွယ် နိုင်ခွင့် ဆိုတဲ့ ကျွန်မရဲ့ အခွင့်အရေးကို အခုလို သုံးစွဲခွင့် ရရှိခြင်း အတွက် ကျွန်မ အင်မတန်မှ ကျေးဇူး တင်လှပါတယ်။

ပထမ ဦးဆုံး အကြိမ် ကျွန်မ ဖတ်ဖူးခဲ့တဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ဟာ အနေတော် ဖြစ်တာလို့ ခေါ်ရမလား ၊ အတိတ်နိမိတ် ဖြစ်တယ်လို့ ခေါ်ရမလား၊ နှစ်ခုစလုံးပဲလို့ ပြောကောင်း ပြောနိုင်မလား၊ ( Seven Years Solitary ) ထောင်မှာ တယောက်ထဲ ခုနှစ်နှစ် ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ Hungarian အမျိုးသမီး တယောက် ရေးခဲ့တာပါ။ ၁၉၅ဝ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်း ကာလတုန်းက သူတို့ဆီမှာ ကွန်မြူနစ်ပါတီ အတွင်း ဖြုတ်ထုတ် ပွဲကြီးတွေ ဖြစ်ပေါ် နေစဉ် အတွင်းတုန်းက အာဏာ ရှိသူတွေနဲ့ ဆန့်ကျင်ဖက် ဂိုဏ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက် ရေးခဲ့တာပါ။ တစ်ယောက်ထဲ နေရတဲ့ အမျိုးသမီး တစ်ယောက်ဟာ လူသားချင်း ဆက်သွယ်မှု ဆိုလို့ နေ့စဉ်နဲ့ အမျှ သူ့ရဲ့ မာန်ကို ချိုးနိုင်သလောက် ချိုးဖို့ စဉ်းစားနေတဲ့ ယောက်ျားကြီး တွေနဲ့ ဆက်သွယ်မှု သာလျှင် ရှိတဲ့ အထဲက နှစ်နဲ့ချီပြီး ကြာအောင် ဦးနှောက်ကလည်း ထက်မြက်မြဲ ၊ စိတ်ဓါတ် ကလည်း မကျဘဲ နေနိုင်ခဲ့တာ ဟာ ဘယ်လို ဆုံးဖြတ်ချက် ကြောင့် ပါလိမ့် ၊ ဘယ်လို့ ကြံရည် ဖန်ရည်ကြောင့် ပါလိမ့်ဆိုပြီး အဲဒီတုန်းက ၁၃နှစ် အရွယ် ကျွန်မဟာ စိတ်ဝင်တစား ဖြစ်ခဲ့မိပါတယ်။

အစိုးရ ဝါဒကို သဘောမတူတဲ့ လုပ်ငန်းထဲ ဝင်ရောက်ဖို့ ၊ နောက်ပြီး အဲဒီ လုပ်ငန်းမှာ ဇွဲနဘဲနဲ့ နေဖို့ ဆုံးဖြတ်ထားသူတွေရဲ့ အဖို့ရာမှာ ဒီလိုအပ်ချက်ဟာ ဆုံးရှုံးမှုကို ကြိုတွက် ပြီး ပြင်ဆင်ထားရတဲ့ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ အမှန်မှာ အခွင့်အရေး ဆုံးရှုံးခြင်းဟာ အစိုးရ ဝါဒကို ဝေဖန်သူတွေရဲ့ ဘဝ အစိတ်အပိုင်း အကြီးကြီး တစ်ခု ဖြစ်ပါတယ်။ ဘယ်လို ပုဂ္ဂိုလ်မျိုး တွေဟာ အခွင့်အရေး ဆုံးရှုံးမှု လမ်းကြောင်းကို လျှောက်ဖို့ တမင်တကာ ရွေးချယ် တတ်ကြပါသလဲ ၊ Max Weber ကတော့ နိုင်ငံရေး သမားတွေ အဖို့ အဆုံးအဖြတ် ဖြစ်စေနိုင် လောက်အောင် အရေးကြီး တဲ့ အရည်အချင်း ၃ခုဟာ စိတ်ဓါတ်ပြင်းထန်ခြင်း ၊ တာဝန်သိခြင်း၊ အရေးကြီးတာ နဲ့ အရေးမကြီးတာကို ခွဲခြား နိုင်ခြင်းတို့ ဖြစ်တယ်လို့ ပြောပါတယ်။

ပထမ အချက်ဖြစ်တဲ့ စိတ်ဓါတ် ပြင်းပြင်းထန်ထန်နဲ့ ခွန်အား စိုက်ထုတ် လုပ်ကိုင်ခြင်း ဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အဲဒီလို စိတ်ဓါတ် ပြင်းထန်မှုမျိုးဟာ ဘေးအန္တရာယ် အများဆုံး နိုင်ငံရေးမျိုး ဖြစ်တဲ့ ၊ အစိုးရ ဝါဒကို သဘောမတူတဲ့ နိုင်ငံရေးမှာ ပါဝင်ပြီး လုပ်ကိုင်သူတွေ အဖို့ အလွန့်အလွန် အရေးကြီး ပါတယ်။

ကျန်တဲ့ နိုင်ငံသားများနဲ့ တသီးတခြား လောကမှာ နေထိုင်ဖို့ ၊ အစိုးရ ဝါဒ ဝေဖန်မှု လောကမှာ နေထိုင်ဖို့ ၊ ကြေညာပြီးတော့ ဖြစ်စေ ၊ မကျေညာဘဲနဲ့ ဖြစ်စေ ၊ ဆုံးဖြတ်ချက် ချမှတ်သူ လူတိုင်း လူတိုင်းရဲ့ အတွင်း သန္တာန်မှာ အဲဒီလို စိတ်ဓါတ် ပြင်းထန်မှုမျိုး ရှိနေရပါတယ်။

ဒီလောကမှာ နေထိုင်သူ လူထူးလူဆန်းတွေကို အမှတ်အသား ပြုနိုင်ဖို့ရာ ၊ အပြင်ပန်း လက္ခဏာ ရယ်လို့တော့ မရှိပါဘူး။ အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကို ရုံးဖွင့်တဲ့ရက် ဘယ်ရက်မဆို လာကြည့်ပါ ၊ ရေစိမ်ခံ အကြမ်းခံ အဖွဲ့ဝင်တွေ အတွက် စီစဉ်ထားတဲ့ ခနောနီ ခနော်နဲ့ ပုံမလှ ပန်းမလှ ခပ်ရိုးရိုး အဆောက်အဦ ကလေးတခုပါ။ ဒီအဆောက်အဦကို အန်အယ်ဒီ တင်းကုပ်ဆိုပြီး အခေါ်ခံ ရတာဟာဖြင့် တစ်ကြိမ် မကတော့ပါဘူး။ ဒီလို ခေါ်ကြတဲ့ သူတွေဟာ စာနာတဲ့ စိတ်နဲ့ရော ၊ မကြာခဏ ဆိုသလို ချီးကျူးတဲ့ စိတ်နဲ့ရော ပြုံးပြီး ခေါ်ကြလေ့ ရှိတာ ဖြစ်တဲ့ အတွက် ကျွန်မတို့ကလည်း စိတ်မဆိုး ပါဘူး။ တကယ်တော့ ကမ္ဘာမှာ သြဇာ သက်ရောက်မှု အကြီးမားဆုံး လှုပ်ရှားမှု တစ်ခုဟာ တင်းကုပ် တစ်ခုထဲမှာ အစပြုခဲ့တာ မဟုတ်လား။

ကျွန်မတို့ရဲ့ လူနေစရာ ကြပ်ကြပ်တည်းတည်းနဲ့ ခပ်စုပ်စုပ် ရုံးခန်းမှာ သူလိုကိုယ်လို ပုံပန်းသဏ္ဍာန် အများကြီး ပေါက်တဲ့ လူတွေကို မိတ်ဆွေတို့ တွေ့ရပါလိမ့်မယ်။ ကဗျာဆန်ဆန် ပုံမကျပန်းမကျ ဆံပင်ပုံစံ ကြီးနဲ့ အဲဒီ သက်ကြီး ရွယ်အိုကြီးက ၊ သတင်းစာ ဆရာ လက်ဟောင်းကြီး တစ်ယောက်ပါ ၊ သူက အစိုးရ ဝါဒ ဝေဖန်သူ ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ယောက်တည်း ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကြာပြီး လွတ်လာတဲ့ အချိန်မှာ သူ့ရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံတွေ အကြောင်း စာအုပ်တအုပ်ကို ချက်ခြင်း ကောက်ပြီး ရေးပါတယ်။

စာအုပ်နံမည်က ( Is This A Human Hell ) ( ဘာလဲဟဲ့ လူ့ငရဲ ) တဲ့။ ဗမာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေ ထောင်နဲ့ချီအောင် ရှိနေဆဲ ဆိုတာကို အမှတ်ရ နေစေဖို့ အတွက် ဆိုပြီး သူက ထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ပါတယ်။ မျက်နှာမှာ သောက သော်လည်းကောင်း ၊ အရိပ်အရောင် ကင်းရှင်းတဲ့ ဟောဒီ သပ်သပ် ရပ်ရပ်နဲ့ မျက်မှန်နဲ့ အမျိုးသမီး ကတော့ ထောင်ထဲမှာ ၉နှစ် နေခဲ့ ရသူ ဆရာဝန် တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၃နှစ်မှာ သူလွတ်လပ်လာတဲ့ အချိန်က စလို့ သူဟာ ကျွန်မတို့ ပါတီရဲ့ လူမှုရေးနဲ့ လူသား ဒုက္ခ ကယ်ဆယ် စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အားလပ်ရက် ရယ်လို့ မရှိအေင် လုပ်ကိုင် နေခဲ့ပါတယ်။ အသက် ဂဝ ကျော် အရွယ်ပိုင်း ရောက်နေတဲ့ ခင်ဖို့ ကောင်းတဲ့ အဖွားအိုကြီး တချို့လည်း ရှိပါတယ်။

သူတို့ဟာ ၁၉၉ရ ခုနှစ် က စပြီး ကျွန်မတို့ရဲ့ ရုံးခန်းကို မှန်မှန် ရောက်လာလေ့ ရှိသူတွေပါ။ အဲဒီနှစ်ဟာ ကျွန်မတို့ အဖို့ ( Tsunami ) ဒီရေလှိုင်းလုံးကြီး ရိုက်ခတ်ခဲ့တဲ့ နှစ် တစ်နှစ်ပါဘဲ။ အဲဒီနှစ်မှာ ဖိနှိပ်ချုပ်ချယ်မှု လှိုင်းလုံး အကြီးကြီးရဲ့ ဒဏ်ကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူ အမြောက်အမြားဟာ ထောင်ထဲ ရောက်ကုန်ခဲ့ ပါတယ်။ ကျွန်မတို့ ပါတီရဲ့ အစည်းအဝေး တစ်ခုမှာ ကျွန်မက ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရသူတွေရဲ့ ဇနီး သားမယားတွေကိုရော သားငယ် သမီးငယ်တွေ ကိုရော မိအို ဖအို တွေကိုရော ပြောပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့ အရေးကို ညီညီညွတ်ညွတ်နဲ့ ထောက်ခံကြပါ။ ကျွန်မတို့ဟာ လက်မြှောက် အရှုံးပေးမှာ မဟုတ်ကြောင်း ၊ ထောက်ထဲ မရောက်ပဲ ကျန်ခဲ့တဲ့ ကျွန်မတို့ တစ်တွေဟာ ထောင်ထဲ ရောက်လို့ လွတ်လပ်ခွင့် ချုပ်ချယ် ခံရသူတွေရဲ့ အလံတော်ကို ကောက်ကိုင် ခဲ့ကြတဲ့ သတ္တိခဲတွေ အထဲမှာ အခုန ပြောတဲ့ ခင်ဖို့ ကောင်းတဲ့ အဖွားအိုကြီးတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ ခိုင်မြဲတဲ့ စိတ်ဓါတ် အင်အား ကြီးကြီးမားမားနဲ့ အလံတော်ကို ကိုင်စွဲမြဲ ကိုင်စွဲနေကြပါတယ်။

ဒုတိယပိုင်းကို သြဂုတ်လ ၂ ရက် အင်္ဂါနေ့ ညပိုင်းမှာ ဆက်လက် တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။