ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ဆွေးနွေးပွဲ NLD ကို ရှင်းပြ

DASSK ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့က အစိုးရဝန်ကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို အင်္ဂါနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဇူလိုင်၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရအဖွဲ့က အလုပ်သမား ဝန်ကြီး နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဦးအောင်ကြည် နဲ့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ တစ်နာရီ ကျော်ကြာ တွေ့ဆုံခဲ့တာပါ။

အစိုးရအဖွဲ့သစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် ထိတွေ့ ဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။

NLD ခေါင်းဆောင်ပိုင်းကို ပြန်လည် ရှင်းလင်းခဲ့တာနဲ့ ပတ်သက်လို့ ပါတီ ဒုတိယ ဥက္ကဌ ဖြစ်တဲ့ သူရ ဦးတင်ဦးကို ဘီဘီစီက မေးကြည့်ရာမှာတော့ အသေးစိတ် ထုတ်ပြန်ဖို့မရှိ သေးဘူးလို့ပဲ ပြောပါတယ်။

''နောက်လုပ်စရာတွေလည်း ရှိတာ ဖြစ်တော့ ဘာမှ မပြောကြသေး ပါဘူးလို့ သဘောထား ကြပါတယ်'' လို့ ဦးတင်ဦးက ပြောပါတယ်။ ဘာတွေ ဆက်ဆွေးနွေးမယ်၊ ဘယ်လိုပုံစံနဲ့ ဆက်ပြီး ဆွေးနွေးကြမယ် ဆိုတာကိုတော့ မပြောပါဘူး။

နောက်ပြီး ဦးတင်ဦးက ''အခုလည်းပဲ စောင့်တော့ ကြည့်ရဦးမှာပေါ့။ ဒါ အစပဲ ရှိသေးတယ် လေ'' လို့ ပြောပါတယ်။

ဒါပေမယ့် မကြာမကြာဆွေးနွေးဖို့နဲ့ မြန်မြန်ဆွေးနွေးဖို့ သဘောထားကို ဒေါ်အောင်ဆန်း စုကြည်တို့ဘက်က ဖော်ပြခဲ့ကြောင်း ဦးတင်ဦးက ပြောပါတယ်။

အင်္ဂါနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့တဲ့ စာရေးဆရာလည်း ဖြစ်၊ ပြည်သူ့ခေတ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဆရာ ဖေမြင့်ကလည်း ဘီဘီစီကို ပြန်ပြောပြရမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးပွဲ အကြောင်း မေးခွန်း တွေကို သိပ်ပြီး မဖြေကြား ခဲ့ဘူးလို့ ပြောပါတယ်။

'' သို့သော် ကျွန်တော်တို့ ထင်လိုက်တာကတော့ ဒီဆွေးနွေးပွဲလေးကတော့ ရှိတန် သလောက်ရှိမယ်။ ဒါကနေပြီးတော့ အကျိုးကျေးဇူးတွေလည်း ဖြစ်တန် သလောက်တော့ ဖြစ်လာမယ်လို့ လူတွေက နည်းနည်း ထိန်းထိန်း သိမ်းသိမ်းနဲ့ မျှော်လင့်ကြတယ်လို့ ကျွန်တော်တော့ ဒီလိုပဲ မြင်တာပဲ''လို့ ဆရာ ဖေမြင့်က ဘီဘီစီကို ပြောပါတယ်။