KIOနဲ့ အစိုးရကြား အပစ်အခတ် ရပ်စဲရေး ညှိမရသေး

KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာအစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူချက် လက်မှတ် ရေးထိုးနိုင်ရေးမှာ သဘောတူချက်ပါ စကားလုံး အသုံးအနှုန်းတွေ ကြောင့် သဘောမတူနိုင် ဖြစ်နေရသလို လက်မှတ် ရေးထိုးမယ့် ကိုယ်စားလှယ် ဘယ်သူတွေ ဖြစ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် KIO
Image caption အစိုးရဘက်က သက်သေတွေကို KIO လက်မခံ

အစိုးရဘက်ကို ကိုယ်စားပြု လက်မှတ်ထိုးမယ့် ကိုယ်စားလှယ်တွေဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ဖြစ်ဖို့လိုပြီး အဲဒီ ကိုယ်စားလှယ် တွေထဲမှာ စစ်တပ်ထဲက တပ်ပိုင်းဆိုင်ရာ အရာရှိ အနည်းဆုံး တစ်ဦး ပါသင့်တယ်လို့ KIO တွဲဘက် အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ဦးသိန်းဇော်နဲ့ ဦးအောင်သောင်းတို့က သက်သေအဖြစ် လက်မှတ် ရေးထိုးဖို့ အစိုးရဘက်က အစက ကမ်းလှမ်းခဲ့ပေမဲ့ အစိုးရ ဝန်ကြီး မဟုတ်တဲ့ အဲဒီ လူနှစ်ဦးကို KIO က လက်မခံခဲ့တဲ့အတွက် အစိုးရဘက်က ပြန်ရုတ်သိမ်း သွားခဲ့တယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူချက် လက်မှတ်ထိုးတဲ့အခါ နိုင်ငံတကာ ဒါမှမဟုတ် အာဆီယံနိုင်ငံ တခုခုက သက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ KIO အနေနဲ့ လိုလားခဲ့တာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံက အနီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက သက်သေ အဖြစ် လက်မှတ်ထိုးပေးဖို့ KIO က အဆိုပြုခဲ့ကြောင်း ဦးလာနန်းက ပြောပါတယ်။

လတ်တလောမှာ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပွားတာမျိုးတွေ မရှိပေမဲ့ နှစ်ဘက် တပ်ဖွဲ့ ထိပ်တိုက် တွေ့ရင်တော့ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ အပစ်အခတ် ရပ်စဲရေး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ထင်ရပေမဲ့ အစိုးရဘက်က စစ်အင်အားတွေ တိုးချဲ့ ချလာတာ တွေ့ရတယ်လို့ ဦးလာနန်းက ပြောပါ တယ်။

ဧရာဝတီ မြစ်ရိုးတလျှောက် အစိုးရ စစ်တပ်ဘက်က စက်တပ် ရေယာဉ် ၄၀၊ ၅၀ လောက်နဲ့ လုံခြုံရေး ယူထားပြီး မြစ်ကြီးနားမြို့မှာ အစိုးရ ဝန်ထမ်းတွေကို လုံခြုံရေးအတွက် တပ်လှန့် ထားတယ်လို့ သိရကြောင်း ပြောပြပါတယ်။

အင်္ဂါနေ့တုန်းကလည်း တပ်ရင်း ၅ဘက်ကို စစ်တပ် လေယာဉ် တစင်း ရောက်လာတယ်လို့ သိရတာကြောင့် အပစ်အခတ် ရပ်စဲလိုပါတယ်လို့ ဆိုနေတဲ့ အစိုးရကို ခန့်မှန်းရ ခက်နေတယ် လို့ KIO တွဲဘက် အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။