ဖားကန့်မြို့ ဗုံးဆက်တိုက် ပေါက်ကွဲ

Phakant
Image caption ၂၀၁၀ ခုနှစ် ဖားကန့် ရေလွှမ်းခဲ့စဉ်

ဖားကန့်မြို့ မှော်၀န်းအထွက် ဆီဆိုင် အနားမှာ အင်္ဂါမနက် ၅ နာရီခွဲ အချိန်က ပြင်းထန်တဲ့ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာရမှုကိုတော့ အတည် မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဖားကန့် ရဲစခန်းရှေ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့၊ ကုမ္ပဏီတခု အနားတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှု ရှိတယ်လို့တော့ သတင်းမရပါဘူး။

ဖားကန့်မြို့မှာ ရေလွှမ်းမိုးမှု ဖြစ်ပွားနေတာနဲ့ တပြိုင်တည်းမှာပဲ ဗုံးပေါက်ကွဲမှုတွေလည်း ဆက်တိုက်လိုလို ဖြစ်ပွားနေတဲ့ အတွက် တနယ်တကျေးက လာရောက် အလုပ်လုပ် ကိုင်ကြသူတချို့ နယ်ကို ပြန်သွားကြပြီလို့ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့က ဆောင်ရွက်တယ်ဆိုတာ အတိအကျ အသေအချာ မသိရပေမဲ့ လောလောဆယ် ဖြစ်ပွားနေတဲ့ ကချင် နဲ့ အစိုးရ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဒေသခံတွေက ထင်မြင်ယူဆကြပါတယ်။