ကလေးစစ်သား အောက်လွှတ်တော်မှာ ထွက်ဆိုမည်

ကလေးစစ်သားအဖြစ် မြန်မာစစ်တပ်နဲ့ အခြားလက်နက်ကိုင်တွေပါသုံး
Image caption ကလေးစစ်သားအဖြစ် မြန်မာစစ်တပ်နဲ့ အခြား လက်နက်ကိုင်တွေပါသုံး

သြဂုတ်လ ၃ ရက်နေ့ ကျရင် အမေရိကန် အထက် လွှတ်တော်မှာ ကလေးစစ်သား အဖြစ် စုဆောင်း ခံခဲ့ဖူးရသူ ကိုဟိန်းမင်းအောင် ဆိုသူက မြန်မာ နိုင်ငံ အတွင်း ကလေး စစ်သား အရေးနဲ့ သူ့ အတွေ့ အကြုံတွေကို ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် အမတ် Eddi Johnson က ကမကထ ပြုပြီး Human Rights Action Centre ရဲ့ အစီအစဉ်နဲ့ အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကလေးစစ်သားဟောင်း တစ်ယောက် ဖြစ်ပြီး နယူဇီလန် မှာ နေထိုင်သူ ကိုဟိန်းမင်းအောင် ကတော့ မြန်မာ နိုင်ငံအတွင်းမှာ အခု ချိန်ထိ ကလေးစစ်သား ပြဿနာတွေ ရှိနေတုန်း ဖြစ်တယ် ဆိုတာကို အမေရိကန် လွှတ်တော် အမတ်တွေ သိရှိလာပြီး မြန်မာ အစိုးရကို ပိုမို ဖိအားတွေ ပေးလာနိုင် စေဖို့ လာရောက် ရှင်းလင်း တင်ပြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုဟိန်းမင်းအောင်က သူ အသက် ၁၄ နှစ်သား အရွယ်မှာ သူငယ်ချင်းတွေနဲ့ အတူ ညဘက်မှာ ပြည်မြို့ထဲ ထွက် လည်ပတ် ပြီး အိမ်အပြန် အရပ်ဝတ်နဲ့ လူ သုံးယောက်က မှောင်ရိပ်ခိုတယ်ဆိုပြီး ကားပေါ်တင် ဖမ်းဆီးသွားခဲ့ပြီး နောက်တစ်နေ့ ကျတော့ ရန်ကုန်မြို့ ဒညင်းကုန်းက စစ်သား စုဆောင်းရေး စခန်းကို ခေါ်သွားခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကိုဟိန်းမင်းအောင်က သူ ကလေးစစ်သား အဖြစ် ခေါ်ဆောင်သွားစဉ် ကတည်းက အခုချိန်ထိ မိဘ ညီအစ်ကို မောင်နှစ်မ တွေနဲ့ အဆက် အသွယ် မရတော့လို့ သူ့ အနေနဲ့ စိတ်ထိခိုက် ခံစားရတယ် လို့လည်း ပြောပါတယ်။

မြန်မာ အစိုးရက ကလေး စစ်သား ပပျောက်ရေး အတွက် အိုင်အယ်အိုနဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့ ဆိုပေမယ့် ကလေး စစ်သား အဖြစ် ဖမ်းဆီး စုဆောင်း ခံရမှု တွေ ရှိနေတယ် ဆိုတဲ့ သတင်း တွေကိုလည်း မကြာခဏ ကြားနေရတုန်း ဖြစ်ပါတယ်။