လူ့အခွင့် အရေး ကောင်စီကို NLD တိုင်တော့မယ်

U Nyan Win
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးဉာဏ်ဝင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ အပေါ် လူ့အခွင့် အရေး ချိုးဖောက်ခံရမှုတွေ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ရက်ပိုင်း အတွင်း တိုင်ကြားတော့မယ် လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အာဏာ လွှဲအပ်ခြင်းမခံခဲ့ရ၊ လွှတ်တော် ခေါ်ယူခွင့် မရခဲ့ရုံသာမက နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ ခံခဲ့ရတဲ့ အတွက် လူ့အခွင့် အရေး ချိုးဖောက်ခံခဲ့ရတာကို တိုင်ကြားမှာ လို့ဆိုပါတယ်။

ပါတီအပေါ် လူ့အခွင့်အရေး ချိုးဖောက် ခံရတာတွေကို ဥပဒေကြောင်း အရ လူတယောက် သဖွယ် တန်းတူ သဘောထားနိုင်တဲ့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ တိုင်ကြား မှာလည်း ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါတီ အနေနဲ့ ရပ်တည်လို့ မရအောင် ဆောင်ရွက် တာတွေကိုလည်း ထည့်သွင်း ဖော်ပြထားပြီး၊ ၂၀၀၃ ခုနှစ် မေလမှာ ပါတီ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးတို့ကို လူအင်အားသုံး ရိုက်နှက်ခဲ့တာ၊ ပါတီဝင်တချို့ အသတ်ဖြတ်ခံခဲ့ရတာတွေကိုလည်း ထည့်သွင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

နအဖ စစ်ဗိုလ်ချုပ်ဟောင်း တဦးဖြစ်ပြီး အခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဖြစ်နေတဲ့ ဦးတင်အေးကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ မလွဲအပ်ခဲ့တာဟာ စစ်တပ် ခေါင်းဆောင် တွေကို တရားစွဲဆိုမယ်လို့ ပါတီခေါင်းဆောင် တွေက ပြောတဲ့ အတွက်လို့ မကြာခင် အချိန်တုန်းက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်တုန်းကမှ မချမှတ်ခဲ့ဖူးဘူးလို့ ငြင်းဆိုပေမဲ့၊ စစ်ခေါင်းဆောင် တွေ အနေနဲ့ ဘာမှ ပြစ်မှု ကျူးလွန်ထားတာ မရှိရင် တရားစွဲဆိုမှာကိုလည်း ကြောက်ရွံ့ စရာ မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး အဖွဲ့ ဝင် ဦးဉာဏ်ဝင်းက ဆိုပါတယ်။