မြန်မာ​ကို ကူညီ​ဖို့ IMF သွား​မည်

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားတွေ အမျိုးမျိုး ဖြစ်နေတာကို ကူညီသတ်မှတ်ပေးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာမယ့် အောက်တိုဘာလမှာ သွားရောက်ဖို့ ရှိပါတယ်။

Image caption ငွေလှဲနှုန်းပြင်ဖို့ထက် အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှု တွေကို ပြင်ရမယ်လို့ စီးပွားရေးပညာရှင် ပြော

မြန်မာနဲ့ပတ်သက်လို့ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ခေတ်မီအောင် ပြုပြင်ရာမှာ အကူညီပေးဖို့ နဲ့ နိုင်ငံတကာနဲ့ ငွေအပေးအယူ၊ အပြောင်းအလွှဲ လုပ်ရာမှာ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ အာဏာပိုင်တွေဆီက မေတ္တာရပ်ခံချက်ကို ရခဲ့တယ်လို့ IMF ပြောခွင့်ရ ပုဂ္ဂိုလ် Gita Bhatt က ဘီဘီစီကို ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ကို စဖို့ အတွက် IMF က နည်းပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တခုဟာ အောက်တိုဘာလ ဒုတိယပိုင်းမှာ မြန်မာနိုင်ငံ ကိုသွားရောက်ဖို့ ရှိတယ်လို့ သူက အတည်ပြု ပြောပါတယ်။

မြန်မာအစိုးရဟာ အခုချိန်အထိ ငွေလဲနှုန်းအမျိုးမျိုးကို သုံးနေတယ်။ ဒါဟာ သဘာဝ ဓါတ်ငွေ့ရောင်းလို့ ရတဲ့ဝင်ငွေ အမှန်ကို ဖုံးကွယ်ထားဖို့ ကြိုးစားတာပါလို့ သြစတြေးလျနိုင်ငံ၊ မကွာရီ တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ စီးပွားရေး ပညာရှင် Sean Turnell က ဘီဘီစီကို ပြောပါတယ်။

အစိုးရစာရင်းတွေထဲမှာ စျေးကွက်ပေါက်စျေးနဲ့ တန်ဖိုးကိုမပြဘဲ တရားဝင်နှုန်းထားနဲ့သာ ပြထားပါတယ်။ တကယ်ဖြစ်သင့်တဲ့အတိုင်း စျေးကွက်ပေါက်စျေးနဲ့ ငွေလဲနှုန်းကိုသတ်မှတ်ရင်၊ ဒီဝှက်ထားတဲ့ ငွေတွေ ဘယ်လောက်ရှိသလဲဆိုတာ ပိုပြီး မြင်သာလာပါလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့ နံပါတ်တစ် ဦးစားပေးလုပ်ရမှာက ငွေလှဲနှုန်း ပြင်ဖို့ မဟုတ်ဘဲ အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှုတွေကို ပြင်ဖို့က ပိုအဓိက ကျတယ်လို့လည်း စီးပွားရေးပညာရှင်က ပြောပါတယ်။

တကယ်တော့ ဒီငွေလဲနှုန်း ပြုပြင်ပြောင်းလဲရေးဟာ သိပ်မခက်ခဲတဲ့အတွက် IMF ရဲ့အကူညီတောင် မလိုဘဲ တရားဝင်ငွေလဲနှုန်းကို စျေးကွက်နှုန်းနဲ့ညှိလိုက်ရင် ပြီးတယ်လို့လည်း Sean Turnell က ဘီဘီစီကို ပြောပါတယ်။