လုယက်မှု ဆက်လက် ဖြစ်ပွား

လူငယ်အုပ်စုတွေရဲ့ အကြမ်းဖက် လုယက်မှု
ပြီးခဲ့တဲ့ စနေညက လန်ဒန်မြို့ မြောက်ပိုင်းက စခဲ့တဲ့ ဗြိတိန် နိုင်ငံတွင်းက အုပ်စုဖွဲ့ ဆူပူ လုယက်မှုတွေဟာ မနေ့ညကထိ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။
ဒီလို ဆူပူလုယက် လုပ်ဆောင် နေတဲ့ သူတွေကိုရော ရဲရဲ့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး တွေကို အားဖြည့်ဖို့ အတွက်ပါ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ခေါင်းဆောင်ပြီး ဒီမနက်မှာပဲ ဗြိတိန် အစိုးရက အရေးပေါ် အစည်းအဝေးလုပ်ဆောင်ခဲ့ပါတယ်။
ဗြိတိန်လမ်း မတွေပေါ်မှာ လူတွေအနေနဲ့ ထိန့်လန့် တကြား ဖြစ်နေရတဲ့ အခြေ အနေမျိုးကို လုံးဝ ခွင့်ပြုမှာ မဟုတ်သလို ရဲတွေကနေလည်း ရနိုင်တဲ့ အရင်း အမြစ်တွေ အားလုံးသုံးပြီး တည်ငြိမ် အေးချမ်းမှု ရအောင် လုပ်ဆောင်သွား မယ်လို့ မစ္စတာ ကင်မရွန်းက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်မယ့် အစီအစဉ်တွေမှာ မီးသတ်ပိုက်နဲ့ နှိမ်နင်း ခွင့်ပါပေးထားပါတယ်။ နောက်ပြီး တခြား နည်းလမ်းတွေ ရှိရင် လည်း မသုံးရဘူးလို့ တားမြစ်မထားကြောင်း ပြောသွားတာပါ။
လန်ဒန်မြို့ မှာလည်း ဖြစ်စ ညတွေတုန်းက ရဲအင်အား ၆၀၀၀ ပဲရှိရာက မနေ့ ညတုန်းက ရဲအင်အား အရင်ထက် နှစ်ဆ မက တိုးထား သလို ခိုးဆိုး လုယက်မှု တွေလည်း မတွေ့ခဲ့ရပါဘူး။
ဒါပေမယ့် အင်္ဂလန်က မြို့ကြီး တွေဖြစ်တဲ့ မန်ချက်စတာ၊ ဘာမင်ဂန်နဲ့ လစ်ဗာပူးမြို့ အပါအဝင် မြို့တချို့မှာတော့ လူငယ် အုပ်စုတွေက ဆိုင်တွေကို လုယက်တာ၊ မှန်တွေ ခွဲတာ၊ ရဲတွေဆီကို ခဲနဲ့ လှမ်းပစ်တာတွေ လုပ်ခဲ့ကြပါတယ်။
နောက်ပြီး ဘာမင်ဂမ်မှာဆိုရင် လူငယ် ၃ ဦးဟာ ကားနဲ့ ဝင်အတိုက်ခံရလို့ သေဆုံးခဲ့ ပါတယ်။ ဆူပူလုယက်သူတွေထဲက ဝင်တိုက်တာလို့ မြို့ခံတွေက ယုံကြည်နေပြီး ဒီအပေါ် ရဲက စုံစမ်းစစ်ဆေးနေပါတယ်။
မြို့ခံလူတွေကလည်း မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေကိုရော၊ မနေ့ညက အခင်း ဖြစ်တဲ့ နေရာမှာ ရဲတွေလည်း မရှိတာကိုရော ဒေါသထွက် နေကြ ပါတယ်။
ရဲတွေကလည်း အခုဆိုရင် နိုင်ငံတဝန်း လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လန်ဒန် တမြို့တည်းမှာတင် လူ ၇၅၀ ကျော်ကို ဖမ်းဆီး ထားပါတယ်။
ဒီလို ဆူပူလုယက် ခိုးဆိုး ကြတဲ့ သူတွေ ကတော့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေ များပြီး လူမည်း တွေရော လူဖြူတွေပါ ပါဝင်နေပါတယ်။
ရဲတွေကတော့ ဒီလူတွေဟာ ရာဇဝတ်မှု ကျူးလွန်နေကြတဲ့ အခွင့်အရေး သမားတွေလို့ ပြောပါတယ်။ ဒါပေမယ့် အမှန် တရား တစ်ခု ကတော့ အခု ကျူးလွန်ကြတဲ့ လူငယ် အများစုဟာ ဆင်းရဲတဲ့ ဒေသတွေက လူငယ်တွေ ဖြစ်နေပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် ကတော့ ဗြိတိသျှ လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ရဲ့ လုပ်ရပ်တွေ အပေါ် အခုလို တာဝန် ယူမှု မရှိကြတဲ့ ပြဿနာ ဖြစ်နေတဲ့အပေါ် တိုက်ဖျက်မှုတွေ စနေပြီလို့တော့ ဆိုနေပါတယ်။