ရှမ်းပြည် တိုက်ပွဲကြောင့် ပြေးရသူ သောင်းချီရှိ

SSA ဓာတ်ပုံ မူပိုင် Shan Herald
Image caption ရှမ်းပြည် မြောက်ပိုင်း အဖွဲ့ ကို မြန်မာ အစိုးရက တိုက်နေတာ လနဲ့ချီ ရှိနေပါပြီ

SSA ရှမ်းပြည်မြောက်ပိုင်း အဖွဲ့က ဌာနေပြည်သူ့စစ် အသွင် ကူးပြောင်းရေး အစီအစဉ် ကို လက်မခံတဲ့ အုပ်စုကို အစိုးရက တိုက်နေ တဲ့အတွက် ရပ်ရွာတွေကို စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာသူ ရွာသား အရေအတွက်ဟာ သုံးသောင်း လောက်အထိ ရှိနေပြီလို့ ထိုင်း နိုင်ငံ အခြေစိုက် ရှမ်း အမျိုး သမီး များ လှုပ်ရှား မှု ကွန်ယက် အဖွဲ့ (SWAN) နဲ့ ရှမ်း လူ့ အခွင့် အရေး ဖောင်ဒေးရှင်း တို့က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း အလယ်ပိုင်း၊ မိုင်းဆူ ကနေ နမ့်ခမ်းကြားမှာ ရှိတဲ့ ကိုးမြို့နယ်က လူတွေ ဟာ ဇူလိုင်လ အတွင်းမှာ ထွက်ပြေး ခဲ့ရတာ ဖြစ်တယ်လို့ ရှမ်းအမျိုးသမီး အဖွဲ့က ယိမ့်ဟန်ဖ ကဆိုပါတယ်။

ကျေးသီးမြို့နယ် ထဲမှာရှိတဲ့ ရွာတွေက လူတွေ အများဆုံး ထွက်ပြေးခဲ့ကြ ရပြီး SSA မြောက်ပိုင်း အဖွဲ့ ဌာနချုပ် ရှိရာ ဝမ်ဟိုင်း အနီးတဝိုက်က ရွာတွေဆိုရင် အားလုံးလိုလို ထွက်ပြေး ကြရတယ် လို့လည်း သူက ပြောပါတယ်။

အစိုးရ စစ်တပ်က အမျိုးသားတွေကို ပေါ်တာထမ်း ခိုင်းတာ ရှိသလို အမျိုးသား မရှိတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ကိုပါ ပေါ်တာ အဖြစ် ခေါ်ယူ ခိုင်းစေတယ်လို့ သူက ဆိုပါတယ်။

အခုအခါမှာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်နေရပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးရသူတွေ ရှိနေသလို၊ ငှက်ဖျား ရောဂါ အန္တရာယ်လည်း ရှိနေတယ်လို့ ယိမ့်ဟန်ဖက ပြောပါတယ်။